တီးတိန်မှာ လူငယ်တစ်ဦး ပစ်ခတ်ခံရလို့ သေဆုံး

2021.04.28
တီးတိန်မှာ လူငယ်တစ်ဦး ပစ်ခတ်ခံရလို့ သေဆုံး ၂၀၂၁၊ ဧပြီ ၂၇ ရက်နေ့ညက စစ်တပ်နဲ့ ရဲ ပစ်ခတ်လို့ သေဆုံးသွားခဲ့တဲ့ အသက် ၂၀ အရွယ် ကိုထန်မွန်လျန် ကို တွေ့ရစဉ်
.

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့ စကောလမ်းမှာ ဧပြီ ၂၇ ရက် မနေ့ည ၉ နာရီဝန်းကျင်လောက်က ဆိုင်ကယ်နဲ့သွားနေတဲ့ အသက် ၂၀ အရွယ် ကိုထန်မွန်လျန် ဆိုတဲ့ လူငယ်တစ်ဦးကို စစ်တပ်နဲ့ ရဲတွေက ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ အခင်းဖြစ်နေရာအနီးမှာရှိတဲ့ မြို့ခံတွေက ပြောပါတယ်။

တီးတိန်မြို့ မြို့မရပ်ကွက်နဲ့ စကောလမ်းရပ်ကွက်အနီး နာရီစင်နားမှာ မနေ့ည ၈ နာရီနဲ့ ၉နာရီ ကြားမှာ ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားချိန် ကိုထန်မွန်လျန်ဟာ ရပ်ကွက်ထဲက သူ့ရဲ့ဓာတ်ဆီဆိုင်မှာ အိပ်ဖို့ ဆိုင်ကယ်နဲ့ သွားရာမှာလမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ခံရတာလို့ အခင်းဖြစ်နေရာအနီးမှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ညက ၈ နာရီကျော်ဝန်းကျင်လောက်မှာ ဗုံးပေါက်ကွဲမှုဖြစ်တယ်။ အဲဒီနောက်ပိုင်းမှာ ရဲတွေ၊ စစ်သားတွေ က မြို့ထဲကို လုံခြုံရေးယူဖို့ ရောက်လာတယ်။ အခု အပစ်ခံရတဲ့သူက သူတို့ ဓာတ်ဆီဆိုင်မှာ သွားအိပ်ဖို့ ဆိုင်ကယ်နဲ့ သွားတာ။ အဲဒီသွားတဲ့အချိန်မှာ စကောလမ်းမှာလည်း ဗုံးပေါက်ကွဲတာ ဖြစ်တယ်။ သူလည်း ကြောက်လို့ ဆိုင်ကယ်နဲ့ မြန်မြန်ပြေးတာ။ သူအပစ်ခံရတဲ့နေရာမှာ ရဲတွေ၊ စစ်သားတွေက အများကြီး ရှိတယ်။ အလောင်းကို ဆေးရုံကို ပို့ပြီးတော့ အလောင်းထားတဲ့နေရာမှာ သွားထားတယ်။ ဒီမနက်ကျမှ သူ့မိသားစုဝင်တွေက သူသေမှန်းသိတာ။”

ကိုထန်မွန်လျန်ကို မိသားစုက ဒီနေ့မနက်က လိုက်ရှာတဲ့အခါမှာ သူ့ရဲ့ရုပ်အလောင်းကိုပဲ တီးတိန်ဆေးရုံမှာ တွေ့ရှိခဲ့ရတာလို့လည်း မြို့ခံတွေက ပြောပါတယ်။

မနေ့ညက တီးတိန်မြို့ပေါ်မှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုတွေမရှိသလို ဘယ်သူ့ လက်ချက်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ကိုထန်မွန်လျန် ရဲ့ရုပ်အလောင်းကို ဒီနေ့ညနေမှာ မိသားစုက ဆေးရုံရင်ခွဲရုံကနေ ထုတ်ယူခွင့်ရခဲ့ပြီး မနက်ဖြန် ဧပြီလ ၂၉ ရက်နေ့မှာ ဂူသွင်းသင်္ဂြိုဟ်မယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။