တီးတိန်က ကိုယ်ဝန် ခုနစ်လနဲ့ အမျိုးသမီး အဓမ္မပြုကျင့်ခံရတယ်လို့ မိသားစုဝင်ပြော

2021.11.16
တီးတိန်က ကိုယ်ဝန် ခုနစ်လနဲ့ အမျိုးသမီး အဓမ္မပြုကျင့်ခံရတယ်လို့ မိသားစုဝင်ပြော ချင်းပြည်နယ် တီးတိန်မြို့ကို သွားရာလမ်းတစ်နေရာကို တွေ့ရစဉ်
Photo: RFA

ချင်းပြည်နယ် တီးတိန်မြို့နယ် အာလွယ်ရွာက ကိုယ်ဝန် ခုနစ်လ ရှိနေတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးကို စစ်သားနှစ်ဦးက နိုဝင်ဘာ ၁၁ ရက်ညမှာ နှစ်ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီညက အာလွယ်ကျေးရွာမှာပဲ ကလေးမီးဖွားပြီးကာစ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း အခြားသောစစ်သားသုံးဦးက အဓမ္မပြုကျင့်ခဲ့ပါသေးတယ်။ နိုဝင်ဘာ ၁၁ ရက်ညမှာ စစ်သားတွေဟာ အာလွယ်ကျေးရွာထဲဝင်လာပြီး အမျိုးသမီးနှစ်ဦးကို ဖမ်းချုပ်ခံထားရတဲ့ သူတို့ယောက်ျားတွေ ရှေ့မှာပဲ အဓမ္မကျင့်ခဲ့ကြတာလို့ မိသားစုဝင်တွေက ပြောပါတယ်။

အဲဒီအမျိုးသမီးနှစ်ဦးဟာ အိမ်ခြေ ၂၀ ဝန်းကျင်လောက်သာရှိတဲ့ အာလွယ်ကျေးရွာထဲက ဆွေမျိုးနီး စပ်တော်သူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာလွယ်ကျေးရွာဟာ ချင်းပြည်နယ် တီးတိန်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်း ဘေးမှာရှိပြီး စစ်သားတွေဟာ အဲဒီရွာနဲ့ ၅ မိုင်အကွာလောက်မှာ စခန်းချထားကြတယ်လို့ ရွာသားတွေက ပြောပါတယ်။

စစ်သားနှစ်ဦး အဓမ္မကျင့်ခဲ့တဲ့ ကိုယ်ဝန် ခုနစ်လနဲ့ အမျိုးသမီးဟာ ကလေး လေးယောက်ရဲ့ မိခင်ဖြစ်ပြီး လက်ရှိမှာတော့ အာလွယ်ကျေးရွာကနေ မိသားစုလိုက် တိမ်းရှောင်နေကြသလို စိတ်ထိခိုက်နေကြတယ်လို့ မိသားစုဝင်တစ်ဦးက နိုဝင်ဘာ ၁၆ ရက် ဒီကနေ့ RFA ကိုပြောပါတယ်။

အာလွယ်ကျေးရွာမှာ စစ်သားတွေ အဓမ္မကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ ဖြစ်စဉ်မှန်ကန်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ နိုဝင်ဘာ ၁၅ ရက်နေ့က RFA ကို ပြောထားပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဒါရိုက်တာ ဒေါ်သင်းယုမွန် ကတော့ စစ်တပ်ရေရှည် ကျင့်သုံးခဲ့တဲ့ စနစ်ဆိုးကြီး ပြန်အသက်ဝင်လာပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်တစ်ခုလို အသုံးပြုနေတာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့ ဖေဖော်ဝါရီလနောက်ပိုင်းမှာ စစ်ကောင်စီ ဘက်တော်သားတွေက ကချင်ပြည်နယ် မှာ အမျိုးသမီးတစ်ဦး၊ ရှမ်းပြည်နယ်မှာ အမျိုးသမီး တစ်ဦးတို့ကိုလည်း အဓမ္မပြုကျင့်ခဲ့ကြပါသေးတယ်။ အဲဒီဖြစ်စဉ်တွေအတွင်း ရှမ်းပြည်နယ်က အမျိုးသမီးတစ်ဦး အဓမ္မကျင့်ခံရတဲ့ဖြစ်စဉ်ကို စစ်တပ်က ဝန်ခံ ခဲ့ပါတယ်။ ကချင်ပြည်နယ်က အမျိုးသမီးကိုတော့ အဓမ္မကျင့်တယ်လို့ ဝန်မခံပေမယ့် သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး စစ်သား သုံးဦးကို အရေးယူမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။