လက်ထောက်ကထိကရာထူး စာမေးပွဲစနစ် ဆရာ၊ ဆရာမတွေ သဘောတူ


2018.12.28
teacher-promotion-622.jpg ရာထူးတိုး/ပြောင်းကိစ္စနဲ့ ပတ်သက်ပြီး ဆရာ ဆရာမတွေနဲ့ ပညာရေးဝန်ကြီးတို့ ၂၀၁၈ ဒီဇင်ဘာလ ၂၆ ရက်နေ့က တွေ့ဆုံစဉ်
Photo: University Teacher Association - Dagon University
လက်ထောက်ကထိကရာထူးတိုးအတွက် ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲတွေ ဖြေရမယ်ဆိုတာကို ကန့်ကွက်ခဲ့ကြတဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်တွေက နည်းပြ၊သရုပ်ပြဆရာဆရာမတွေ ဒီနေ့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသိန်းဝင်းနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် လာမယ့် ဇန်နဝါရီလ ၅ ရက်နေ့မှာ စာမေးပွဲဖြေဆိုဖို့ သဘောတူလိုက်ကြပါတယ်။

လက်ထောက်ကထိက ရာထူးအတွက် လစ်လပ်နေရာ တစ်သောင်းကျော်ရှိပြီး စာမေးပွဲဖြေဆိုရမယ့် ဆရာ၊ ဆရာမ ဦးရေဟာ ၁၉၀၀ နီးပါးသာရှိတဲ့အတွက် စာမေးပွဲဖြေဆိုသူ အားလုံးအောင်နိုင်ချေရှိကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ မိုးညှင်းဒီဂရီ ကောလိပ်က ဦးချိုဝင်းအောင် ကပြောပါတယ်။

၂၀၁၈ ခန့်တက္ကသိုလ်၊ ဒီဂရီကောလိပ် ဆရာ၊ ဆရာမများ ကိုယ်စားပြုကော်မတီဝင်တွေနဲ့ ပညာရေးဝန်ကြီးဌာန ညွှန်ချုပ်တို့ဟာ ဒီနေ့ နေပြည်တော်က ပညာရေးဝန်ကြီးဌာနရုံးမှာ တွေ့ဆုံခဲ့ ကြတာပါ။

စာမေးပွဲဖြေဆိုမှုရလဒ်တွေကို လာမယ့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှာ အစိုးရက ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။

ရာထူးတိုး အပြောင်းအရွှေ့အတွက် မိမိပြောင်းရွှေ့လိုတဲ့နေရာကို နှုတ်ဖြေစာမေးပွဲမှာ ပြောကြားဖို့နဲ့ ပညာရေး ဝန်ကြီးဌာနအနေနဲ့ ဆရာ၊ ဆရာမတွေရဲ့ ပြောကြားချက်တွေအပေါ် အခြေခံပြီး အပြောင်းအရွှေ့တွေကို စဉ်းစားမယ်လို့ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ကြောင်း ဦးချိုဝင်းအောင် ကပြောပါတယ်။

နည်းပြ၊သရုပ်ပြ ဆရာ၊ ဆရာမတွေအနေနဲ့ ကထိက ရာထူးတိုးအတွက် အရင်က စာမေးပွဲဖြေဆိုရတာမရှိဘဲ ဒီနှစ်မှ စာမေးပွဲစနစ်ကို လုပ်ဆောင်တဲ့အတွက် ကန့်ကွက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။