ဆရာအခွင့်အရေးချိုးဖောက်မှုအတွက် တွံတေးမှာ တကိုယ်တော်ဆန္ဒပြ
2010.10.05

“ဒီနေ့ ရပ်ကွက်တွေထဲကို ကျနော် လျှောက်တယ် ခင်ဗျ၊ လူစည်ကားတဲ့နေရာတွေ လျှောက်ပြီးတော့ ကျနော် လှည့်လည်တယ်၊ ဘာလို့အဲဒီလို လုပ်တာလဲဆိုရင် ကျနော်က ၈၈ ကတည်းက စပြီးတော့ ၈၈ အရေးတော်ပုံမှာ ပါခဲ့တဲ့အတွက်ကြောင့် ကျောင်းဆရာ ဘဝကနေပြီးတော့ ကျနော် အထုတ်ခံခဲ့ရတယ်၊ ကျူရှင်ဆရာအဖြစ်နဲ့ ကျနော်ဟာ ထောင် ၂ ကြိမ်ကျတယ်၊ ကျူရှင်လိုင်စင်ကိုလည်း အသိမ်းခံထားရတယ်၊ အဲဒီတော့ လူ့အခွင့်အရေး ချိုးဖောက်ခံထားရတဲ့ ဆရာတယောက်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံထားရတဲ့ ဆရာတွေလည်း တော်တော်များများ ရှိပါတယ်၊ တချို့လည်း ထောင်ထဲမှာလည်း ရှိတဲ့လူတွေ ရှိတယ်ပေါ့၊ အဲဒီလူတွေရဲ့ ကိုယ်စားကို ဆန္ဒကို ထုတ်ဖော်တာ ဖြစ်ပါတယ်။”
ကျူရှင်ဆရာ ဦးအောင်ဖေဟာ ၂၀ဝ၅ ခုနှစ်တုန်းက ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မှာ ကျောင်သားတွေကို ဗိုလ်ချုပ် အောင်ဆန်းအကြောင်း ဟောပြောပြီးတဲ့နောက် ဗိုလ်ချုပ်ကျောက်တိုင်ကိုသွားပြီး အလေးပြုခဲ့တဲ့အတွက် ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခဲ့ပြီးနောက် သူ့ရဲ့ ကျူရှင်ပြခွင့် လိုင်စင်ကို ပိတ်ပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ထောင်က ပြန်လွတ်လာချိန်မှာ ကျူရှင်ပြခွင့်လိုင်စင် ပြန်ရဖို့ အထက်အာဏာပိုင်အဆင့်ဆင့်ကို တောင်းဆိုခဲ့ပေမဲ့ ဒီကနေ့အချိန်ထိ ဖွင့်ခွင့်မရပဲ ပိတ်ပင်ခံထားရဆဲ ဖြစ်တယ်လို့ ဦးအောင်ဖေက ပြောပါတယ်။
“နိုင်ငံရေးအကျပ်အတည်းကို အစစ်အမှန် ဆွေးနွေးဖြေရှင်းနိုင်မှသာ တိုင်းပြည်အေးချမ်းပြီး ကျောင်းဆရာ ဆရာမတွေ အပါအဝင် နိုင်ငံသားအားလုံး လူ့အခွင့်အရေး အပြည့်အဝ ရနိုင်မယ်လို့ ယုံကြည်တဲ့အတွက် ခုလို ‘တွေ့ဆုံဆွေးနွေး တိုင်းပြည်အေး’ ဆိုတဲ့ စာသားကို အင်္ကျီနောက်ကျောမှာ ရေးပြီး တကိုယ်တော်ဆန္ဒ ထုတ်ဖော်တာ ဖြစ်ကြောင်း ဦးအောင်ဖေက ဆက်ပြောပါတယ်။
“ရည်ရွယ်ချက်ကတော့ ကျနော်တို့ ဒီ ဒေါ်စုနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မယ်၊ နောက်ပြီးတော့ ဖမ်းဆီး ထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို လွှတ်ပြီးတော့ ကျနော်တို့ တည်ဆဲအစိုးရနဲ့ ဒီ နအဖ အစိုးရနဲ့ပေါ့နော်၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးက ပိုပြီးတော့ အရေးကြီးတယ်၊ ဒီတွေ့ဆုံဆွေးနွေးမှာသာလျှင် ကျနော်တို့ မှန်ကန်တဲ့ ကျနော်တို့ အဖြေတခုကို ကျနော်တို့ ရမယ်၊ ဒီတွေ့ဆုံဆွေးနွေးရေးက ကျနော်တို့ ရွေးကောက်ပွဲ မတိုင်ခင် လုပ်ဖြစ်မှသာ တရားမျှတပြီးတော့ လွတ်လပ်တဲ့ တကယ်တမ်း ရွေးကောက်ပွဲဖြစ်မယ်၊ ဒါကြောင့် ကျနော် ဒီ အက်ရှင်ကို လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။”
ဒီကနေ့ ဦးအောင်ဖေရဲ့ တကိုယ်တော် ဆန္ဒပြလှုပ်ရှားခဲ့မှုကိုတော့ ရဲအထူးသတင်း တပ်ဖွဲ့ဝင်တွေက မော်တော်ဆိုင်ကယ်နဲ့ လိုက်လံစောင့်ကြည့် ဓာတ်ပုံရိုက်ယူတာမျိုး ပြုလုပ်ခဲ့ပေမဲ့ နှောင့်ယှက် ဟန့်တားတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ဦးအောင်ဖေဟာ ၂၀ဝ၉ ခုနှစ် မတ်လ ၂၇ ရက် တပ်မတော်နေ့တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ တနိုင်ငံလုံးမှာ ပိတ်ထားတဲ့ အဲန်အယ်လ်ဒီရုံးခွဲတွေ ပြန်ဖွင့်ပေးဖို့ဆိုပြီး တွံတေးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်ရုံးရှေ့မှာ တကိုယ်တော် ဆန္ဒပြခဲ့လို့ ဖမ်းဆီးပြီး ထောင်ဒဏ်တနှစ် အပြစ်ပေးတာ ခံခဲ့သူ ဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုအောင်မိုးမြင့် သတင်းပေးပို့ထားပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန် |