နိုင်ငံရေး သတင်းစာရှင်းလင်းပွဲ တက်ရောက်တဲ့ ကျောင်းဆရာမ ပင်စင်ပါရုပ်သိမ်းခံရ
2013.08.23
နိုင်ငံရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ တက်ရောက်မှုကြောင့် မယူမနေရ ပင်စင်ပေးခံလိုက်ရတဲ့ နေပြည်တော် ဇမ္ဗူသီရိြမို့နယ် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းက အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်ကို ပင်စင်ခံစားခွင့်ပါ ဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်။
ပညာရေးဌာနက သူ့ကိုအရေးယူတဲ့ကိစ္စနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေကို ထုတ်ဖေါ်ပြောဆိုပြီးတဲ့နောက် အခုလို ထပ်ဆင့်အရေးယူတဲ့စာ ထွက်လာတာဖြစ်တယ်လို့ ဒေါ်စိုးစိုးခိုင်က RFA ကိုပြောပါတယ်။
“၁၇ ရက်နေ့က ကျမလက်ခံရရှိတာပေါ့၊ ကျမကို ထုတ်ပယ်လိုက်ပြီတဲ့၊ ပင်စင်ပါမပေးတော့ဘူး၊ အလုပ်ကိုလိုချင်လို့မဟုတ်ဘူး၊ ကျမ ကျောင်းဆရာမဆိုတဲ့ ဂုဏ်သိက္ခာ၊ ၈၈ ဆိုတဲ့ ဂုဏ်သိက္ခာ၊ အမျိုးသမီးဆိုတဲ့ ဂုဏ်သိက္ခာတွေအတွက် ကျမပြန်ပြီးတော့ အခုရင်ဆိုင်ရဦးမယ်”
ဒေါ်စိုးစိုးခိုင်ဟာ ပြီးခဲ့တဲ့ဇွန်လက ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမောင်မောင်ကျော်ဦးစီးပြုလုပ်တဲ့ ၁၉၈၈ ခုနှစ် ဇွန်လကျောင်းသားလှုပ်ရှားမှု နှစ်ပတ်လည်ကျင်းပမယ့်အကြောင်း သတင်းစာရှင်းလင်းပွဲကို သွားတက်ခဲ့ပါတယ်။
အဲဒီလိုသွားတက်ခဲ့တဲ့အကြောင်း ဓါတ်ပုံတွေနဲ့တကွ ပြည်တွင်းထုတ်ဂျာနယ်တချို့မှာ ဖော်ပြခံရပြီးနောက်ပိုင်း သက်ဆိုင်ရာ ပညာရေးဌာနအရာရှိတွေက သူ့ကိုခွင့်မဲ့ပျက်ကွက်မှုနဲ့ အရေးယူတဲ့အနေနဲ့ အလုပ်တာဝန်ပြောင်းလိုက်ပြီး၊ ဌာနတွင်း စုံစမ်းစစ်ဆေးခဲ့ရာမှာ ဘာကြောင့် အဲဒီအခမ်းအနားတွေ သွားတက်ခဲ့သလဲ၊ နောက်ကြောင်း ရာဇဝင်ဘယ်လိုရှိခဲ့လဲဆိုတဲ့ မေးခွန်းတွေအပါအဝင် စုစုပေါင်းမေးခွန်း ၃ဝ ကျော် မေးမြန်းခဲ့တယ်လို့ ဒေါ်စိုးစိုးခိုင်ကပြောပါတယ်။
အဲဒီနောက် မယူမနေရ ပင်စင်နဲ့ အနားပေးလိုက်ပြီး၊ အခုတော့ ပင်စင်ခံစားခွင့်ပါ ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။
ဒေါ်စိုးစိုးခိုင်ဟာ ပျဉ်းမနားဇာတိဖြစ်ပြီး ၁၉၈၈ ခုနှစ်က ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်နေရင်း အဲဒီကာလက ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို နောက်ပိုင်းမှာ တောခိုသွားခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ်မှာ ကော့သောင်းမြို့ကနေတဆင့် တရားဝင်ပြန်လာပြီးတဲ့နောက် ကျောင်းပြန်တက်ပြီး ဘွဲ့ရခဲ့သလို၊ ၁၉၉၅ ခုနှစ်ကနေစပြီး ကျောင်းဆရာမဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။