တီဘီလူနာနဲ့ ဆေးယဉ်ပါးတီဘီလူနာ အယောက် ၁၀၀ ကနေ ၁၅၀ ထိကို နေ့စဉ်အခမဲ့ အထူးကြပ်မတ်ကု သပေးနိုင်မယ့် တီဘီရောဂါပြင်ပ လူနာဌာန လေးထပ်အဆောက်အအုံသစ်ကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ် မှာ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုးရန်ပုံငွေ (3MDG) က ဆောက်လုပ်ဖို့အတွက် ဒီနေ့ ပန္နက်တင်အခမ်းအနား ကျင်းပခဲ့ပါတယ်။
ဒီနေ့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောင်ဆန်းတီဘီတိုက်ဖျက်ရေး တီဘီရောဂါကုဌာနမှာ လေးထပ်အဆောက် အအုံသစ် ပန္နက်တင်အခမ်းအနား ကျင်းပခဲ့တာဖြစ်ပါတယ်။
3MDG က မြန်မာနိုင်ငံမှာ တီဘီရောဂါတိုက်ဖျက်ရေးအတွက် အရေးပါတဲ့ အခြေခံအဆောက်အဦးတွေ တည်ဆောက်ရာမှာ အမေရိကန် ဒေါ်လာ ၃.၁သန်း အသုံးပြုပြီး ဓာတ်ခွဲခန်း၊ တီဘီရောဂါကုသရေးပြင်ပလူနာဌာန တို့ကို ရန်ကုန်နဲ့ မန္တလေးတို့မှာ စုစုပေါင်း အဆောက်အဦး ၄ ခု တည်ဆောက်သွားမှာဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်တိုင်းမှာရှိတဲ့ အောင်ဆန်းတီဘီတိုက်ဖျက်ရေး တီဘီရောဂါကုဌာနမှာ တစ်ထပ်ဆောင် သာဖြစ်ပြီး ဆေးကုသတဲ့ လူနာဦးရေများတဲ့အတွက် နေရာအခက်အခဲ ရှိနေတာဖြစ်ပါတယ်။
အသစ်တည်ဆောက်မယ့် တီဘီရောဂါပြင်ပလူနာဌာန လေးထပ်အဆောက်အဦးသစ်ကို လာမယ့် ၂၀၁၈ ခုနှစ်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး တစ်ပတ်မှာ ၅ ရက် ဆေးကုသပေးသွားမှာဖြစ်ပါတယ်။
အဲဒီအဆောက်အဦးသစ်မှာ တီဘီရောဂါဆိုင်ရာ ဓာတ်ခွဲခန်း၊ ဆေးဝါးသိုလှောင်ခန်း၊ ဆေးပေးခန်း၊ ဓာတ်မှန်ခန်း၊ နှစ်သိမ့်ဆွေးနွေးခန်းနဲ့ အရေးပေါ်ခန်းတွေလည်း ပါရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် မသန်စွမ်းသူတွေ ဆေးလာ ကုတဲ့အခါ သွားလာရလွယ်ကူစေဖို့ သန့်စင်ခန်းနဲ့ ဝင်ပေါက်တွေမှာလည်း လျှောက်လမ်းတွေ ထားပေးသွားမယ်လို့ သိရပါတယ်။
တီဘီရောဂါအဖြစ်များဆုံး နိုင်ငံ ၃၀ ထဲမှာ မြန်မာနိုင်ငံ ပါဝင်နေပြီး နှစ်စဉ် တီဘီလူနာပေါင်း တစ်သိန်းခွဲ ခန့် တွေ့ရှိနေရတယ် 3MDG ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
3MDG ဟာ မြန်မာနိုင်ငံမှာ ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှုတွေပေးနေတဲ့ ရန်ပုံငွေအဖွဲ့ဖြစ်ပြီး အဲဒီရန်ပုံငွေကို သြစတေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုတို့က ကူညီပံ့ပိုးပေးတာဖြစ်ပါတယ်။