သစ်အချောထည်စက်ရုံ အလုပ်သမားတွေရဲ့ နှစ်ပတ်ကြာဆန္ဒပြပွဲ

ရန်ကုန်တိုင်း၊ ရွှေပြည်သာ မြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုန်မှာရှိတဲ့ တော်ဝင် သစ်အချောထည်စက်ရုံရှေ့မှာ နှစ်ပတ်ကြာ နေ့ရောညပါ ဆန္ဒပြနေတဲ့ အလုပ်သမား (၁၅၀)ကျော်ဟာ သူတို့ တောင်းဆိုချက်တွေကို အလုပ်ရှင်ဘက်က လိုက်လျောပေးမှုမရှိတဲ့အတွက် ဒီကနေ့နေ့လည်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသ အလုပ်သမားရုံးရှေ့ကို ပြောင်းရွေ့ ဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမား ဝန်ကြီးဌာနက အကောင်အထည်ဖော်ပေးဖို့ မျှော်လင့်ချက်နဲ့ ပြောင်းရွေ့ဆန္ဒပြတာလို့ ဆန္ဒပြအလုပ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီဆန္ဒပြအလုပ်သမား ၁၅၀ ကျော်ဟာ ခရီးသည်တင် ကားနှစ်စီးနဲ့ စမ်းချောင်းမြို့နယ်မှာရှိတဲ့ တော်ဝင် ကုမ္ပဏီရုံးချုပ်ကို သွားရောက် ဆန္ဒပြဖို့ စီစဉ်ထားပေမယ့် တော်ဝင်ကုမ္မဏီရုံးချုပ်ရှေ့မှာ ကုမ္ပဏီ်ဝန်ထမ်း ၅၀ကျော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေတယ်လို့ ကြားသိရတဲ့အတွက် မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးရှေ့ကို ရွှေ့ပြောင်းဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြနေတဲ့တလျှောက် အလုပ်သမားတစ်ချို့ဟာ နေ့ရောညပါ စက်ရုံရှေ့မှာ အစာငတ်ခံ ဆန္ဒပြခဲ့ကြတဲ့အတွက် အခုဆိုရင် အလုပ်သမား (၄)ဦးဟာ အစာရေစာ ပြတ်လတ်ပြီး ရွှေပြည်သာဆေးရုံမှာ တင်ထားရတယ်လို့ သိရပါတယ်။

0:00 / 0:00