တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

RFA Burmese
2024.12.22
တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်နေသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က တွေ့ရစဉ်။
Brave Warriors for Myanmar (BWM) Photo

ပဲခူးတိုင်း၊ တောင်ငူမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မနက်ပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ ပဲခူးနဲ့ ကရင်ပြည်နယ်တွေက တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်နှိမ်နင်းနေတာ၊ လေကြောင်းတိုက်ခိုက်တာနဲ့ လူငယ်တွေကို အတင်းအဓမ္မ ပြန်ပေးဆွဲတာတွေကြောင့် BWM နဲ့ မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ခုနှစ်လုံး ပစ်ခတ်တိုက်ခိုက်ပြီး ငါးလုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်တယ်လို့ BWM က ပြောပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးနိုင်ပြီး အသေးစိတ်ကို မသိရသေးကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ တာဝန်ခံ RFA ကို ပြောပါတယ်။

“စစ်ကောင်စီဘက်ကတော့ ထိခိုက်သေဆုံးမှု အတော်ကြီးတယ်လို့ သိရပါတယ်။ အသေးစိတ်ကိုတော့ တစုတစည်းထဲ တင်ပြနိုင်အောင် သတင်းစုနေပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေအားလုံးကတော့ ဘေးကင်းလုံခြုံစွာ ဌာနေစခန်းတွေကို ပြန်လည်ရောက်ရှိပါပြီ”

ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၊ Mountain Knight Civilian Defense Force (MKCDF)၊ Anti -Coup Peoples Liberation Force (ACPLF) နဲ့ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သူက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFAက ဒီဇင်ဘာ ၂၂ ရက် ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

အောက်တိုဘာ ၅ ရက်နေ့ကလည်း BWM အဖွဲ့က တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။