အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ တောင်းဆိုတဲ့ ကျောင်းသား သပိတ်ကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ က ကျောင်းသား ကျောင်းသူတွေနဲ့ ဒေသခံ ၄၀ ကျော်က ထောက်ခံကြောင်း တောင်ငူမြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။
ကျောင်းသားသပိတ်ကို ဝန်းရံထောက်ခံနေကြောင်း ပြသတာဖြစ်တယ်လို့ ဆန္ဒပြ ရာမှာပါဝင်တဲ့ တောင်ငူနည်းပညာ တက္ကသိုလ်က ကျောင်းသား ကိုရဲသွေး က ပြောပါတယ်။
"ကျောင်းသားသပိတ်ကို ထောက်ခံတယ်ဆိုတဲ့ဟာကို ကျောင်းသားတွေပဲလုပ်တာ မဟုတ်ဘူး၊ ဒီမြို့ခံ လူထုရော ပူးပေါင်းပြီးတော့ ထောက်ခံတယ်ဆိုတာမျိုးကိုလုပ်တာဗျ၊ အဓိက ၁၆ ရက်နေ့မှာ လွှတ်တော်မှာ အပြီးသတ်ဆွေးနွေးပေးမယ်လို့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာပြောထားပြီးသား၊ ဒါပေမဲ့ ခုချိန်ထိ မဆွေးနွေးပေးသေးဘူးပေါ့နော်၊ လာမယ့် ၂၈ ရက်နေ့မှာလဲ ဆွေးနွေးပေးလို့မဖြစ်နိုင်သေးဘူးလို့ပြောတယ်၊ ဒီအတွက် ကျနော်တို့က သပိတ် ကိုထောက်ခံတယ်၊ ပြည်သူတွေနဲ့ ဝန်းရံထောက်ခံနေတယ်ဆိုတာကိုပြတာ"
ဒီဆန္ဒပြပွဲမှာ နည်းပညာတက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ်က ကျောင်းသားတွေနဲ့ မြို့ခံတွေ ပါဝင်ခဲ့ပါတယ်။
မန္တလေးကနေ ချီတက်လာတဲ့ ပင်မ သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေဟာ လက်ပံတန်းမြို့မှာ ရောက် ရှိနေပြီး ဒီလ ၂၈ ရက်နေ့အထိ သပိတ်ကို ရပ်နားထားပါတယ်။