တောင်ငူမှာ လယ်သိမ်းခံတောင်သူတွေ ဆန္ဒပြ


2014.02.08

ဒီနေ့ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာ အရင်စစ်အစိုးရလက်ထက်က သိမ်းထားတဲ့ လယ်ယာမြေဧက တစ်သောင်းကျော် ပြန်ပေးဖို့အတွက် တောင်ငူ၊ ရေတာရှည်၊ အုတ်တွင်း၊ ဖြူးမြို့နယ်တွေက လယ်သမား ၁၈၀ လောက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွေမှာ တပ်မတော်က မြေယာတွေသိမ်းဆည်းတာ မရှိတော့ပဲ စွန့်လွှတ်တဲ့လုပ်ငန်းသာရှိတော့ကြောင်း ပြောခဲ့တာကြောင့် ဆန္ဒပြတောင်းဆိုရတာလို့ ဒီနေ့ဆန္ဒပြပွဲကို ဦးဆောင်တဲ့ တောင်ငူမြို့က လယ်သမားအရေ ေဆောင်ရွက်ပေးနေသူ ဦးခင်ဇော်က ပြောပါတယ်။

“တပ်မတော်ကနေပြီးတော့မှ မတရားသိမ်းထားတဲ့ လယ်ယာမြေတွေကို ဥပဒေနဲ့အညီ ပြန်ပေးဖို့ရယ်၊ တပ်မတော်နဲ့ အာဏာပိုင်အစိုးရနဲ့ ပြည်သူလူထုကို ဂုတ်သွေးစုပ်မယ့် ခရိုနီတစ်စုက သိမ်းပိုက်ပြီးတော့မှ သူတို့ကိုယ်ကျိုးအတွက် အသုံးချတာကိုတော့ ကျနော်တို့ ပြည်သူလူထုအနေနဲ့ လက်ခံနိုင်စရာအကြောင်း မရှိတဲ့အတွက် ဒီနေ့ဆိုရင် တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ဖြူးမြို့နယ်က တောင်သူဒေသခံအင်အား ၁၈ဝ ဝန်းကျင်လောက် ကျနော်တို့ဒီမနက်ခင်း ၈ နာရီလောက်ကနေပြီးတော့ ၁၁ နာရီအထိပေါ့ ကျနော်တို့ ဆန္ဒပြခဲ့ကြတာပါ”

ဆန္ဒပြတောင်သူတွေက သိမ်းထားတဲ့ လယ်မြေတွေကို ဥပဒေနဲ့အညီ ပြန်ပေးဖို့၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက တပ်မတော်၊ အစိုးရတို့နဲ့ပေါင်းပြီး ကိုယ်ကျိုးအတွက် အသုံးချနေတာတွေကို ဆန့်ကျင်ကြောင်း ကြွေးကြော်ပြီး တောင်ငူမြို့ ကန်လမ်း၊ ကုန်သည်လမ်းနဲ့ ဗိုလ်မှူးဖိုးကွန်းလမ်းတွေမှာ လှည့်လည်ဆန္ဒပြကြတာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။