တောင်ငူမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကြောင့် ကိုယ်ဝန်သည်အပါအဝင် သုံးဦးသေဆုံး
2023.11.18
ပဲခူးတိုင်း၊ တောင်ငူမြို့နဲ့ လေးမိုင်အကွာက စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ - ၃၉) ကို နိုဝင်ဘာ ၁၇ ရက် ညနေပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ရာက တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ညောင်ပင်လှက ကိုယ်ဝန်သည်အပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခြေလျင်တပ်ရင်း (ခလရ - ၃၉) အနားမှာရှိတဲ့ ညောင်ပင်လှရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုယ်ဝန်သည်တစ်ဦး၊ ကလေးတစ်ဦးနဲ့ ဒေသခံတစ်ဦး စုစုပေါင်း သုံးဦးသေဆုံးခဲ့တာလို့ တောင်ငူမြို့ခံတွေက ဆိုပါတယ်။
လက်ရှိ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်နေတာကြောင့် သေဆုံးသူ အသက်၊ နာမည်တွေတော့ မသိရသေးသလို မြေပြင်မှာ သေဆုံးထိခိုက်မှု အခုထက်ပိုနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ငူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီနေ့မနက်ကို အစောကြီးကတည်းကကို ပစ်နေတာ။ ရွာတွေဘက်ထဲကို လှမ်းပစ်တာ ကိုယ်ဝန်သည်နဲ့ ကလေး လေးတွေ သုံးယောက်သေတာရှိတယ်။ ရွာသားတွေပေါ့။ အဲဒီရွာက ညောင်ပင်လှ။ ၃၉ စစ်တပ်နဲ့ ဘေးနားလေးက ရွာတွေ။ အခုလည်း မနက်ခင်းကတည်းကနေပြီးတော့ စစ်တောင်းတံတား၊ လေးမိုင်ဂိတ်၊ ရဲတပ်ရင်း (၁၁) ရှေ့က ဂိတ်တွေအကုန်လုံး အသွားအလာပိတ်ထားတယ်။ စစ်တောင်းတံတားကို အခု ဖွင့်လိုက်တာ ၅ မိနစ်ပဲရှိသေး တယ်။ ပြန်ပိတ်သွားပြီ။ အခုလည်း လေယာဉ်ပျံနှစ်စင်းက ဝဲနေတယ်။ အဲစစ်တပ်က တောင်ငူ - သံတောင်လမ်း ပေါ့ တောင်ငူနဲ့ လေးမိုင်ကွာတယ်”
ဒီနေ့ နေ့လယ်ပိုင်းမှာလည်း အလယ်(မြောင်) နဲ့ ဆိတ်ဖူးတောင်ရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ညောင်ပင်လှ၊ အလယ်(မြောင်)၊ ဆိတ်ဖူးတောင်ရွာအပါအဝင် အနီးအနားရွာတွေက ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်မှုကြောင့် ဒေသခံတွေ သေဆုံးတာလို့ ပြောဆိုမှုအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကတော့ တိုက်ပွဲဖြစ်တာမရှိဘဲ သတင်းအမှားတွေဖြစ်တယ်လို့ RFA ကို တုံ့ပြန်ပါတယ်။
“လူမှုကွန်ရက်တွေက မဟုတ်မမှန်တွေနဲ့ လိမ်ညာပြီးတော့ တင်တဲ့သတင်းတွေ ဖြစ်ပါတယ်။ သတင်းမှန်ကိုကတော့ သတင်းမှန်ထုတ်ပြန်ရေးကော်မတီ အဖွဲ့ကနေပြီးတော့ ထုတ်ပြန်တဲ့သတင်းကိုသာ အတည်ယူပေးပါ။ တိုက်ပွဲမဖြစ်ပါဘူးခင်ဗျာ”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ သေဆုံးခဲ့ရသူ စုစုပေါင်း ၄၁၉၀ ကျော်ရှိခဲ့ပြီ ဖြစ်ပါတယ်။