ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်မှာ ရေဆိုးမြောင်းထဲမှာ မနေ့ညက လက်လုပ်မိုင်းလို့ယူဆရတဲ့ မိုင်း ၃ လုံးတွေ့ရှိခဲ့ပြီး အဲဒီမိုင်းတွေကို ဒီကနေ့ မနက်ပိုင်းမှာ အာဏာပိုင်တွေက ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။
မိုင်းလို့ယူဆရတဲ့နေရာကို သွားရောက်ရှာဖွေရာမှာ မိုင်း ၃ လုံးတွေ့ရှိခဲ့ပြီး ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကျော်နိုင်က RFA ကို ပြောပါတယ်။
" မြို့နယ်စခန်းမှူးအဖွဲ့ သွားကြည့်တဲ့အခါမှာ တွေ့တယ်ပေါ့၊ တွေ့တာနဲ့ပဲ သူသတင်းပို့တယ်၊ နောက်စစ်မြေပြင် အင်ဂျီနီယာတပ်ကို အကြောင်းကြားတဲ့အတွက်ကြောင့်မို့ လာရောက်ပြီးတော့ သယ်ယူပြီးတော့မှ ရေဆိုးမြောင်းရဲ့အနားမှာရှိတဲ့ ပတ်ဝန်းကျင်ကိုရှာတဲ့အခါမှာ အလားတူပုံစံမျိုး နောက်ထပ် နှစ်လုံး စုစုပေါင်း သုံးလုံးတွေ့ရှိတယ်၊ အဲ့ဒါကို စိန်ပန်းရပ်ကွက်ထဲမှာရှိတဲ့ အ.ထ.က ၁ ဘောလုံးကွင်းထဲမှာ အဲ့ထဲမှာထည့်ထားတယ်၊ ခုမနက်မှာတော့ အဲ့ဗုံး ၃ လုံးကို ၈ နာရီ ၅၀ မှာ သက်ဆိုင်ရာ စစ်မြေပြင် အင်ဂျီနီယာတပ်ကနေပြီတော့ ဖောက်ခွဲရှင်းလင်းလိုက်တယ်"
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်ကလည်း တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိ မွတ်စလမ်ဘာသာဝင် တစ်ဦးနေအိမ်မှာ ငါးဖမ်းရာမှာအသုံးပြုတဲ့ လက်လုပ်မိုင်းပေါက်ကွဲခဲ့တာကြောင့် အိမ်ရှင်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။