မြို့မဈေးကြီး ပြန်ဆောက်လုပ်ပေး ဖို့ တောင်ငူမြို့မှာ ဆန္ဒပြတောင်းဆို


2016.01.25
taungguu-protest-620.jpg ၂ဝ၁၄ ခုနှစ်က မီးလောင်ပျက်စီးသွားတဲ့ မြို့မဈေးကြီးကို ပြန်လည်တည်ဆောက်ပေးဖို့အတွက် ဈေးသူ ဈေးသား ၂ဝဝ လောက်က ဇန်နဝါရီလ ၂၅ ရက်နေ့က တောင်ငူမြို့နယ် စည်ပင်ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုစဉ်
Photo : Soe Lwin Oo

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ လွန်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ်က မီးလောင်ပျက်စီးသွားတဲ့ မြို့မဈေးကြီးကို ပြန်လည် တည်ဆောက်ပေးဖို့အတွက် ဈေးသူ ဈေးသား ၂ဝဝ လောက်က ဒီနေ့ တောင်ငူမြို့နယ် စည်ပင်ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

မြို့မဈေးကြီးကို ပြန်လည်ဆောက်လုပ်ဖို့အတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုချက်ချပေးပြီးဖြစ်ပေမယ့် စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်ပေးခြင်းမရှိတဲ့အတွက် ဆန္ဒပြတာလို့ ဈေးသူ/သားတစ်ဦးဖြစ်တဲ့ ဦးတင်မောင်မြင့် က ပြောပါတယ်။

"အောင်စည်တီးသံ အများပိုင်ကုမ္ပဏီ၊ အများပိုင်ဆိုတာ ဥပမာ အစုရှယ်ယာအနည်းဆုံး သောင်းအထိ ထည့်လို့ရတယ်၊ အဲ့ဒီတော့ မြို့လူထုအားနဲ့ ထောင်မယ်၊ အများကုမ္ပဏီထောင်ပြီးတော့ အစုရှယ်ယာ အများကြီးထည့်တဲ့လူတွေလည်း ရှိပြီးသားပေါ့၊ စီမံချက်ကိုရေးလိုက်တယ်၊ တည်ဆောက်ရေးလုပ်ငန်းတွေ စတာပေါ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်းတင်တယ်၊ တိုင်ဒေသကြီး စည်ပင်သာယာရေး ညွှန်ကြားရေး မှူးဆီလည်း တင်တယ်၊ တင်လိုက်တဲ့အခါမှာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အခုဆောက်လို ကဆောက်စေ နောက်အစိုးရ တက်တဲ့အခါမှ ဆောက်လိုကဆောက်စေလို့ အဲ့ဒီလို မှတ်ချက်ပေးလိုက်တယ်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးညွှန်ကြားရေးမှူးဆီကို ရောက်သွားတဲ့ စီမံချက်ကျတော့ သူကဒါတွေမပြည့်စုံဘူး လက်မခံဘူးဆိုပြီး ပြန်ချပေးတယ်၊ ရက်ပေါင်း ၈ဝ ကြာပြီး ၁၈ ရက်နေ့မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကနေ စာတစ်စောင်ထုတ်တယ်၊ ထုတ်တဲ့စာမှာ မူလတင်ဒါ စည်းကမ်းချက်နဲ့မညီဘူး၊ ၃ဝ ရာခိုင်နှုန်း အခွန်တောင်းတယ်၊ မဖြစ်နိုင်အောင် ဖန်တီးထားတဲ့ စည်းကမ်းချက်တွေပါ၊ ဒီကိစ္စကို ကြန့်ကြာအောင် လုပ်တယ်ဆိုပြီး ဒီဆန္ဒပြမှုက ဖြစ်ပေါ်လာတာပါ"

တောင်ငူမြို့မဈေးကြီးမှာ ဆိုင်ခန်းပေါင်း ၁၄ဝဝ လောက်ရှိပြီး လွန်ခဲ့တဲ့၂ဝ၁၄ ခုနှစ်က မီးလောင်ခဲ့ရာ ဆိုင်ခန်းပေါင်း ၁၂ဝဝ လောက် ပျက်စီးခဲ့ပြီး ကျပ်သိန်းပေါင်း ၆ သောင်းကျော် ဆုံးရှုံးခဲ့ပါတယ်။

ဈေးကြီးကို ပြန်လည်ဆောက်လုပ်ပေးဖို့အတွက် ဈေးသူ ဈေးသားတွေက တိုင်းဒေသကြီးအစိုးရအဖွဲ့ကို စာတင်ပြခဲ့ရာ တင်ဒါခေါ်ပြီး ကုမ္ပဏီနှစ်ခုကို ရွေးချယ်ခဲ့ပေမယ့် အခုချိန်ထိ ဆောက်လုပ်ပေးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

အဲ့ဒီနောက် မြို့ခံတွေ စုပေါင်းတည်ထောင်ထားတဲ့ အောင်စည်တီးသံ အများပိုင်ကုမ္ပဏီက ဈေးကြီးဆောက်လုပ်ခွင့် တင်တာကိုလည်း တိုင်းစည်ပင်က ခွင့်မပြုဘူးလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။