လုပ်ငန်း ၄ ခုကို တနင်္သာရီတိုင်းအစိုးရ ယာယီရပ်နား
တနင်္သာရီတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးထားတဲ့ ဟိုတယ်၊ ရေနံချက်စက်ရုံ၊ ဆီအုန်းစိုက်ပျိုးရေးနဲ့ သတ္တုတူးဖော်ရေး စတဲ့လုပ်ငန်း ၄ ခုကို တိုင်းဒေသကြီး အစိုးရက ယာယီရပ်နားခိုင်းထားပါတယ်။
-
2017-10-01 -
-
-
တနင်္သာရီတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးထားတဲ့ ဟိုတယ် ၊ ရေနံချက်စက်ရုံ၊ ဆီအုန်းစိုက်ပျိုးရေးနဲ့ သတ္တုတူးဖော်ရေး စတဲ့လုပ်ငန်း ၄ ခုကို တိုင်းဒေသကြီး အစိုးရက ယာယီရပ်နားခိုင်းထားပါတယ်။
ဒေသခံတွေနဲ့ မြေယာပြဿနာတွေဖြစ်နေတာ၊ သတ္တုတူးဖော်ရေးလုပ်ငန်းကတော့ စည်းကမ်းချက်နဲ့ မကိုက်ညီ တာတွေကြောင့် ယာယီရပ်နားခိုင်းထားတာလို့ တနသာၤရီတိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောပါတယ်။
"ပွန်ပီပက်က ထိုင်းနယ်စပ်မှာ ဟိုတယ်တစ်ခုပေါ့၊ ပြီးတော့ ရေနံချက်စက်ရုံ လောင်းလုံမှာ၊ ပြီးတော့နောက် ဆူရီဆူဘမ်ဆိုတာ ဆီအုန်းစီမံကိန်းပေါ့၊ တနသာၤရီမြို့နယ်မှာ၊ နောက်တစ်ခုကကျတော့ သတ္တုတူးဖော်ရေး အဲဒါကျတော့ ထားဝယ်မှာ၊ အဓိက ကတော့ မြေယာပြဿနာလေးတွေရယ်၊ ဒေသခံတွေ နဲ့ နည်းနည်းအဆင်မပြေတဲ့ဟာလေးတွေပါ၊ တစ်ချို့သတ္တုလုပ်ငန်းတွေ စည်းကမ်းချက်နဲ့ မကိုက်ညီ တာလေးတွေ ပြင်ဆင်စရာလေးတွေရှိလို့လေ"
ထားဝယ်မှာရှိတဲ့ မြန်မာပွန်ပီပက် ကုမ္ပဏီက လုပ်ကိုင်နေတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းနဲ့ လောင်းလုံမြို့နယ် မှာရှိတဲ့ ရေနံချက်စက်ရုံကို ဒေသခံတွေက ကန့်ကွက်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီရေနံချက်စက်ရုံကို ဦးပိုင်ကုမ္ပဏီ၊ ထူးကုမ္ပဏီအုပ်စုနဲ့ တရုတ်ကုမ္ပဏီတစ်ခုတို့က ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာပွန်ပီပက် ကုမ္ပဏီပိုင် ဟိုတယ်လုပ်ငန်းက ထိုင်း-မြန်မာနယ်စပ်မျဉ်းနဲ့ အရမ်းကပ်နေတာကြောင့် ပြန်စိစစ်စရာတွေရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလုပ်ငန်းတွေကို ပြန်လည်စိစစ်ပြီး စည်းကမ်းချက်တွေနဲ့ကိုက်ညီရင် ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ ဦးဖြိုးဝင်းထွန်းက ပြောပါတယ်။