တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ တဖြည်းဖြည်းမြင့်တက်လာပြီး လက်ရှိမှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်းနီးပါးအထိရှိလာပြီလို့ တနင်္သာရီတိုင်းအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi က မေလ ၁၇ ရက်နေ့မှာ RFA ကို ပြောပါတယ်။
တနင်္သာရီတိုင်းမှာ အမြဲတမ်းစစ်ဘေးရှောင်နေရသူဦးရေ နှစ်သောင်းဝန်းကျင်ရှိပြီး ကျန်လေးသောင်းခန့်က လတ်တလောတိုက်ပွဲတွေကြောင့် ယာယီတိမ်းရှောင်နေကြရတာပါ။
ပြီးခဲ့တဲ့ ဧပြီလမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ။ ပုလောနဲ့ တနင်္သာရီမြို့တွေမှာ နေရပ်စွန့်ခွာထွက်ပြေးလာသူဦးရေ တိုးလာတာလို့ FE5 Tanintharyi ရဲ့ တာဝန်ရှိသူ ကိုကျော်က ပြောပါတယ်။
“ဒီခြောက်သောင်းနီးပါးထဲမှာ ယာယီစစ်ဘေးရှောင်တွေလည်း ပါသလို စစ်ဘေးရှောင်စခန်းမှာ နေတဲ့သူတွေလည်းပါတယ်။ စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေတော့ အထိုက်အလျောက် အကူအညီရကြပေမယ့် တောတောင်တွေထဲမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားရှောင်နေတဲ့သူတွေကတော့ အတော်ကို ခက်ခဲကြတယ်။ တိုက်ပွဲကြာလာရင် စားနပ်ရိက္ခာအခက်အခဲတွေ ကြုံကြတယ်”
ထားဝယ်၊ တနင်္သာရီနဲ့ ပုလောမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်က ဆန်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်တွေကို ကန့်သတ်ထားလို့ စစ်ဘေးဒုက္ခသည်တွေ အခက်ကြုံနေရတယ်လို့ သူက ဆိုပါတယ်။
ထားဝယ်ခရိုင်အတွင်းက ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်တွေမှာ နေအိမ်မီးရှို့ခံရမှုနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်အရေအတွက်က သုံးသောင်းကျော်ရှိပါတယ်။ မြိတ်ခရိုင်မှာတော့ ပုလော၊ မြိတ်ကျွန်းစုနဲ့ တနင်္သာရီမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂ သောင်း ၈ ထောင်ကျော်အထိ ရှိနေတာပါ။
လက်ရှိမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့အပြင် မြေမြှပ်မိုင်းထောင်တာတွေလည်းရှိနေတာကြောင့် ဒေသခံတွေ ဥယျာဉ်ခြံလုပ်ငန်းတွေကို မလုပ်နိုင်ကြဘူးလို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီက ကိုမင်းလွင်ဦးက ပြောပါတယ်။
“စစ်ပွဲပြီးသွားရင်တောင်မှပဲ သူတို့ မိုင်းထောင်ခဲ့တယ်။ အဲလို အခြေအနေမျိုးမှာ ရွာသူရွာသားတွေကလည်း ဥယျာဉ်ခြံမြေထဲကို သွားပြီးတော့ လုပ်ရကိုင်ရတာ အဆင်မပြေတော့ဘူး။ ဘယ်နေ့ထွက်ပြေးရမှန်း မသိတဲ့အခြေအနေမှာ ရော်ဘာလုပ်တဲ့သူတွေလည်း အဲလိုပဲ ရော်ဘာတောကြီး ရှိရဲ့သားနဲ့ ဒီတိုင်းပစ်ထားရတဲ့ အခြေအနေတွေ ဖြစ်နေတယ်”
မကြာခင် မိုးရာသီရောက်တော့မှာဖြစ်တဲ့အတွက် ဒုက္ခသည်တွေ ပိုမိုခက်ခဲနိုင်ပြီး လက်ရှိမှာလည်း ဒုက္ခသည်တွေ ထပ်တိုးနေတာကြောင့် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါးနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ သူကဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မြန်မာနိုင်ငံမှာ ပြင်းထန်လာတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သုံးသန်းကျော်ရှိလာပြီး ဒါဟာ တိုင်းပြည်အတွက် စိတ်မချမ်းမြေ့ဖွယ်ရာ မှတ်တိုင်တစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂရုံးက မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။