တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးဖို့ မြေနေရာရယူထားတဲ့ ကုမ္ပဏီတွေဟာ ဆီအုန်းစိုက်ပျိုးဖို့ထက် သစ်ထုတ်လုပ်ဖို့ အဓိကလုပ်ဆောင်နေတဲ့အကြောင်း စိမ်းလန်းအမိမြေအသင်း က ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်လိုက် ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ Park Royal Hotel မှာ ကျင်းပတဲ့ ဆီအုန်းနောက်ကွယ် အစီရင်ခံစာထုတ်ပြန်ပွဲမှာ စိမ်းလန်း အမိမြေအသင်း ဒါရိုက်တာ ဦးဝင်းမျိုးသူက ဆီအုန်းစိုက်ပျိုးဖို့ထက် တခြားရည်ရွယ်ချက်တွေနဲ့ မြေကိုရယူထား တာဟာ နိုင်ငံတော်အတွက် အကျိုးမရှိဘူးလို့ ပြောပါတယ်။
"အဓိကကတော့ ဒီစီမံကိန်းက ဆီအုန်း စိုက်ဖို့ပဲ ပေးတာလေ။ အဲတော့ ဆီအုန်းစိုက်ဖို့ မြေရှင်းတယ် ထွက်လာ တာကိုလည်း သူက သစ်ထုတ်ခွင့် ပြုလိုက်တဲ့ အခါကျတော့ ဆီအုန်းစိုက်တာကို အဓိက ဦးစားမပေးဘဲနဲ့ သစ်ထုတ်တာကို ဦးစားပေးတဲ့ပုံစံမျိုးဖြစ်သွားတယ်။ ကျိန်းသေတယ်။ ဆီအုန်းစိုက်ဖို့က အဓိကမဟုတ်ဘူး။ သစ်ထုတ်ဖို့ အခြားရည်ရွယ်ချက်နဲ့ မြေကို ရယူထားလိုမှုတွေက များနေတဲ့အခါကျတော့ ဒေသခံအတွက်လည်း အကျိုးမရှိဘူး။ ကျနော်တို့ နိုင်ငံအတွက်လည်း အကျိုးမရှိဘူး။ ဒါကြောင့်မိုလို့ ဒါတွေကို သက်ဆိုင်ရာအဖွဲ့တွေက ပြန်စဉ်းစားဖို့လိုတယ်ဆိုတာလေးကို ပြောတာပါ"
ဆီအုန်းနောက်ကွယ် အစီရင်ခံစာကို ၂၀၁၇ နှစ်ဆန်းကနေ ၂၀၁၈ ခုနှစ် မတ်လအထိ စိမ်းလန်းအမိမြေအသင်း၊ တောင်ပိုင်းလူငယ်အသင်း၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်၊ အနာဂတ်အလင်း ကော်မတီ၊ အစိမ်းရောင်ကွန်ရက် (မြိတ်ကျွန်းစု)နဲ့ ပနဲတာကပေါအဖွဲ့တွေက မြန်မာအော်တိုကော်ပရေးရှင်း (MAC) ကုမ္ပဏီရဲ့ ဆီအုန်းစီမံကိန်းနဲ့ ပတ်သက်ပြီး သုတေသနပြု ရေးသားခဲ့တာဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံအခြေစိုက် အော်တိုစက်မှုလုပ်ငန်းစု (AIC) နဲ့ စင်ကာပူအခြေစိုက် Resource & Resource ကုမ္ပဏီတို့ ပူးပေါင်းကာ MAC ကုမ္ပဏီကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။
MAC ကုမ္ပဏီဟာ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးဖို့ မြေဧကအများဆုံးဖြစ်တဲ့ မြေဧက တစ်သိန်းကျော်ကို ၂၀၁၁ ခုနှစ်မှာ အစိုးရက ချထားပေးခဲ့တာဖြစ်ပါတယ်။
အဲဒီကုမ္ပဏီဟာ ၆ နှစ်အတွင်း မြေဧက တစ်သောင်းခြောက်ထောက်ကျော်ကို မြေနေရာရှင်းလင်းထားပြီး ဧက ၃ ထောင်ကျော်သာ ဆီအုန်းစိုက်ပျိုးနိုင်ပြီး သစ်တန်ချိန် တစ်သောင်းကိုးထောင်နီးပါး ထုတ်ယူခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကုမ္ပဏီဟာ ဒေသခံရွာသားတွေပိုင်ဆိုင်တဲ့ မြေဧက နှစ်ထောင်ကျော်ကို လျော်ကြေးမပေးဘဲ သိမ်းယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ မြေဧက ၁၉ သိန်းကျော်ကို ဆီအုန်းနဲ့ ရာဘာစိုက်ပျိုးဖို့အတွက် လုပ်ပိုင်ခွင့်ချထားပေးခဲ့ပေမယ့် လက်ရှိအချိန်ထိ ဧက ၅ သိန်းကျော်သာ စိုက်ပျိုးနိုင်သေး တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။