တနင်္သာရီမှာ လူနာတင်ယာဉ်တွေကို ညပိုင်းအသွားအလာ ကန့်သတ်မှုများလာ
2023.09.05

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အဝင်အထွက် လမ်း၊ တံတားတွေမှာ ည ၈ နာရီကနေ မနက် ၄ နာရီအထိ လူနာတင်ယာဉ်တွေ ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က ကန့်သတ်တားမြစ်တာတွေလုပ်လာတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
အစစ်အဆေးတင်းကျပ်နေပြီး ညပိုင်း ဖြတ်သန်းမယ့်ကားတွေကို ခြိမ်းခြောက် ပြောဆိုတာတွေ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အမိန့်မနာခံရင် ပစ်မယ်ပေါ့။ အရေးပေါ်ရှိရင် မနက်မှ သွားဆိုတာမျိုး၊ နောက်တစ်ခါ မလာနဲ့။ မင်းတို့ လုံခြုံရေးအတွက်လုပ်နေတာ ဘာညာနဲ့ ပြောတာတွေရှိတယ်။ ဒီနောက်ပိုင်း ညဘက်ဆို မထွက်ဖြစ်ဘူး။ အဓိက ပြည်သူတွေပဲ နစ်နာတာပေါ့"
မြို့ပေါ်နဲ့ ဗောဓိကမ်းတံတား၊ ကမ္မလိုင်းရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းဂိတ်တွေမှာ ဇူလိုင်လကတည်းက အဓိကထားပြီး တားမြစ်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
တနင်္သာရီမြို့နယ်နဲ့ အနီးအနားတစ်ဝိုက်က အရေးပေါ်လူနာတွေကို ကူညီပေးနေတဲ့ လူမှုကူညီရေးအသင်းတစ်သင်းရဲ့ တာဝန်ရှိသူကတော့ အရေးပေါ်လူနာပါရင်တော့ ဖြတ်သန်းသွားလာခွင့်ပေးတယ်လို့ ပြောပါတယ်။
"ညဘက် ၈ နာရီကျော်သွားရင်တော့ ကားတွေအားလုံးသွားခွင့်မပေးဘူး။ ပိတ်ထားတယ်။ ဒါပေမဲ့ အရေးပေါ်လူနာရှိရင်တော့ သွားခွင့်ပေးတယ်။ သွားခွင့်ပေးပြီး တစ်ခါတည်းပြောတယ်၊ လူမပါရင် ပြန်မလာနဲ့ဆိုပြီး။ လူနာရှိနေရင်တော့သွားပေါ့။ တစ်ခါတလေ လမ်းကြောတွေမှာ သေနတ်ပစ်ဖောက်တာတော့ ရှိတယ်"
လူနာပါရင်ခွင့်ပြုတယ်ဆိုပေမယ့် အချက်အလက် စာရွက်စာတမ်းနဲ့ယာဉ်ကို အသေးစိတ် စစ်ဆေးပြီးမှ ဖြတ်သန်းခွင့်ပြုတာလို့ ဆိုပါတယ်။
ခွင့်ပြုချက်မရရင် မြို့နယ်ဆေးရုံမှာ လူနာထားပြီး မနက် ၄ နာရီမှာ သွားရတာမျိုးလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ဒီလိုအခြေအနေကြောင့် ဒေသခံတွေအနေနဲ့ အရေးပေါ်ကျန်းမာရေးကိစ္စတွေအတွက် စိုးရိမ်မှုတွေရှိနေတယ်လို့ ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အစည်းအဝေးသွားနေတယ် ဆိုတာကြောင့် တုံ့ပြန်မှုမရခဲ့ပါဘူး။