တနိုင်းမြို့နယ် ပယင်းမှော်တွေက ထွက်ပြေးလာသူများ ရိက္ခာပြတ်


2018.01.30
tanaing-war-victims-622.jpg တနိုင်းမြို့နယ်အတွင်းက တပ်မတော်နဲ့ KIA တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေကို ၂၁၀၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က တွေ့ရစဉ်
.

တနိုင်းမြို့နယ်အတွင်း မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ပွဲကြောင့် ပယင်းမှော်တွေကနေ ထွက်ပြေးလာတဲ့သူ ၃၅၀၀ လောက်ထဲက အမျိုးသမီးနဲ့ ကလေးအယောက် ၂၀၀ ကျော်ဟာ ဒီနေ့ တနိုင်းမြို့နားက လမုံဂိတ်ကို ရောက်ရှိခဲ့ပါတယ်။

အမျိုးသားတွေကိုတော့ တပ်မတော်က ထိန်းထားပြီး ချောင်းဝကနေ မလွှတ်သေးဘဲ စိစစ်ပြီးမှလွှတ်မယ်လို့ သိရတဲ့အကြောင်းနဲ့ အဲဒီမှာ ရိက္ခာပြတ်နေတယ်လို့ ရောက်လာတဲ့သူတွေကနေတဆင့် သိရတဲ့အကြောင်း အမည်မဖေါ်လိုတဲ့ အစိုးရ ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

“အမျိုးသမီးနဲ့ ကလေးတွေပဲ၊ အမျိုးသားတွေကို မလွှတ်သေးဘူး၊ သူတို့ကို တပ်က စိစစ်ဦးမယ် ဆိုလား ပြောတယ်၊ အဲမှာ ရိက္ခာပြတ်နေတယ်၊ နှစ်ရက် သုံးရက်ရှိပြီဆိုတော့၊ အဲကနေ စိစစ်ပြီးတော့မှ ဒီဘက်ကို ထွက်လာတဲ့ စစ်တပ်နဲ့ ပို့တဲ့ဟာကတော့ ခုရွာရောက်တဲ့လူကတော့ စားရတာပေါ့၊ ဟိုမှာတော့ တော်တော်ဗိုက်ဆာနေပြီ စားစရာမရှိတော့ဘူးလို့ပြောတယ်”

တနိုင်းမြို့ကို ရောက်လာတဲ့ ထွက်ပြေးလာသူ အရပ်သား ၈ ရာနဲ့ ၁ ထောင်ကြားရှိပြီလို့လည်း ဒေသခံ တစ်ယောက် က ပြောပါတယ်။

ဒဏ်ရာရတဲ့သူတချို့ကိုတော့ တနိုင်းဆေးရုံမှာ ကုသနေတယ်လို့ သိရပါတယ်။

ဒီနေ့ ရောက်လာတဲ့သူတွေထဲက အမျိုးသမီးနဲ့ ကလေး ၂၀ ကျော်ကိုတော့ သူတို့နေရပ်တွေဆီပြန်ဖို့ အာဏာပိုင်တွေက စီစဉ်ပေးလိုက်ပြီး၊ အများစုကတော့ တနိုင်းမြို့မှာလည်း ယာယီနေထိုင်ရင်း အခြေအနေ ပြန်ကောင်းမယ့်အချိန်ကို စောင့်နေကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။