မိုးရေးမြို့က ဆန္ဒပြမှုကြောင့် တမူးနယ်စပ်ဂိတ်ကို ပိတ်ထား
2017.03.27

အိန္ဒိယ- မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ မိုးရေးမြို့မှာ ဆန္ဒပြပွဲတွေဖြစ်နေတာကြောင့် တမူးနယ်စပ်ဂိတ်ကို မတ်လ ၂၆ ရက်နေ့ မနေ့နေ့လည်ကစပြီး ပိတ်လိုက်ပါတယ်။
အိန္ဒိယဘက်က နယ်စပ်ဖြတ်ကျော်ခွင့်ကို စတင်ပိတ်လိုက်တာဖြစ်ပြီး တရားမဝင် ဝင်ထွက်နေတဲ့ နယ်စပ်စည်းတွေကိုလည်း ပိတ်လိုက်တယ်လို့ နန်းဖာလုံဈေး ကုန်သည် ကိုကျော်ဆန်းလင်းက ပြောပါတယ်။
"မနေ့က နေ့ခင်းလောက်မှပိတ်တာ သံတံတားက မနက် ၁၀ နာရီလောက်ထဲက ဆန္ဒပြတာ လက်ရှိက ဒီနေ့က တပ်မတော်နေ့ဆိုတော့ ဈေးပိတ်တယ်၊ မနက်ဖြန်ကို ဖွင့်မလား မဖွင့်မလား စောင့်ကြည့်ရမှာပေါ့၊ သူတို့ဘက်က စပိတ်တော့ ဒီဘက်ကလဲ လုံခြုံရေးအရ လိုက်ပိတ်ရတာပေါ့၊ နယ်စပ်တစ်လျှောက် အဝင်အထွက် လုပ်နေတဲ့ စည်းလေးတွေကအစ ပိတ်လိုက်တာပေါ့"
တမူးမြို့နယ် ဟိုလင်းဖိုင်ကျေးရွာအနီး နှစ်နိုင်ငံ နယ်နိမိတ်တိုင်းတာလို့ မပြီးသေးတဲ့ နယ်စပ်မှာ အိန္ဒိယနိုင်ငံက လာရောက်လုပ်ကိုင်နေတဲ့ သစ်စက်ကို ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာ မြန်မာနိုင်ငံဘက်က ဖမ်းဆီးလိုက်တဲ့ အပေါ် မိုးရေးမြို့ဒေသခံတွေက အမှတ် ၁ နယ်စပ်ဂိတ် တံတားမှာ မနေ့က ဆန္ဒပြကြတာဖြစ်ပါတယ်။
ဆန္ဒပြမှုကြောင့် နယ်စပ်ဂိတ် အမှတ် ၁ နဲ့ နန်းဖာလုံဈေး နယ်စပ်ဂိတ် အမှတ် ၂ တို့ကို မနေ့နေ့လည်ပိုင်းက စတင်ပိတ်လိုက်တာဖြစ်ပါတယ်။