စက်ယန္တရား တင်သွင်းမှုနဲ့ ပတ်သက်ပြီး အရေးယူ
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းလုပ် ကွက်တွေမှာ အသုံးပြုမယ့် ယာဉ်စက်ယန္တရားတွေကို တရားမဝင် တင်သွင်းခွင့်ပြုရာမှာ ပါဝင်ပတ်သက်မှု ရှိတဲ့ ပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီးဌာန၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့က အရာရှိတွေကို အရေးယူနေတယ် လို့ သိရပါတယ်။
-
2016-03-02 -
-
-
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းလုပ်ကွက်တွေမှာ အသုံးပြုမယ့် ယာဉ်စက်ယန္တရားတွေကို တရားမဝင် တင်သွင်းခွင့်ပြုရာမှာ ပါဝင်ပတ်သက်မှု ရှိတဲ့ ပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန၊ စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတို့က အရာရှိတွေကို အရေးယူနေတယ်လို့ သိရပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနက ပါဝင်ပတ်သက်တဲ့ အရာရှိအတော်များများကို အရေးယူနေတာဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံး ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
"ကျနော်တို့က အဖွဲ့နှစ်ဖွဲ့လုပ်တာကိုး၊ ပဏာမ ဦးဝင်းထွန်းနဲ့ နောက်တော့ ဗိုလ်ချုပ်ကြီး ဝင်းရှိန်နဲ့ လုပ်တယ်၊ အရေးယူတာက ပြည်ထဲရေးကယူတယ်၊ ဘဏ္ဍာခွန်ကယူတယ်၊ အဲ့ဒါတွေရှိတယ်၊ နောက်စီးပွားကူးသန်းက အရေးယူတာတွေရှိတယ်၊ အဲ့လိုအမျိုးစုံပေါ့နော်"
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တာဝန်ကနေ ထုတ်ပယ်လိုက်တယ်လို့ ကြားသိရကြောင်း ကချင်ပြည်နယ် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဒေါက်တာ ခင်မောင်ထွန်းက ပြောပါတယ်။
"ကျနော်သိထားတာက ဒီလူ မဆိုးဘူးဗျ၊ ပေါင်းသင်းဆက်ဆံရေးရော၊ စိတ်သဘောထားရော နူးညံ့သိမ်မွေ့ တယ်၊ နှမြောတယ်၊ အကြောင်းကြောင်းတွေကြောင့် ဖြစ်သွားတယ်လို့ ဒီလိုပဲမြင်တယ်၊ သူ့တစ်ယောက်ထဲပဲ ကြားတယ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ နစ်နာတာပေါ့ဗျာ၊ ရပ်ဆိုင်းတယ်ဆိုတာကတော့ တစ်လောက လာစစ်သွားတဲ့ စက်ယန္တရားကိစ္စပေါ့ဗျာ၊ ဒီလိုပဲ သုံးသပ်တယ်၊ တခြားထွေထွေထူးထူးတော့ ဘာမှမကြားဘူး၊ ဒါမျိုးဆိုတာ ကျနော်တို့သိထားတဲ့အလုပ်မှမဟုတ်တာ"
ကျောက်စိမ်းတူးဖော်ရာမှာ အသုံးပြုတဲ့ ယာဉ်ယန္တရားတွေကို ဖားကန့်ကို သယ်ယူနိုင်ဖို့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ညွှန်ကြားမှုနဲ့ အစိုးရအဖွဲ့ အတွင်းရေးမှူးက လက်မှတ်ရေးထိုးပြီး ခွင့်ပြုမိန့်တွေကို ထုတ်ပေးခဲ့တဲ့အတွက် တာဝန်ကနေ အနားပေးခံရတဲ့ သဘောဖြစ်တယ်လို့ ပြည်နယ်အရာရှိတချို့ကပြောပါတယ်။
ယာဉ်ယန္တရားကိစ္စတွေနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဋ္ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုး တို့ဦးဆောင်တဲ့ အဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး မြစ်ကြီးနား၊ ကန်ပိုက်တီ နဲ့ ဖားကန့်ဒေသမှာ ကွင်းဆင်း စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရက စေလွှတ်ခဲ့တဲ့ အထူးကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွေဟာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ နဲ့ အခုနှစ် ဇန်နဝါရီလအတွင်းမှာ ကချင်ပြည်နယ် ဝန်ကြီး သုံးဦးကို မြစ်ကြီးနားမှာ စစ်ဆေးမေးမြန်းခဲ့သလို ပြည်နယ်ဝန်ကြီးချုပ် ကိုလည်း ပြည်ထောင်စုအစိုးရက နေပြည်တော်ကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
ကျောက်မျက်တူးဖော်တဲ့ စက်ယန္တရားတွေ သယ်ယူနိုင်ဖို့ နဲ့ ကျောက်တူးဖော်ခွင့် ရရှိဖို့အတွက် အစိုးရဋ္ဌာနဆိုင်ရာတွေ ကို ငွေကြေးပေးရသလို ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ အဖွဲ့ကိုလည်း မြန်မာကျပ်ငွေ အပြင် တရုတ်ယွမ်ငွေ သန်းနဲ့ချီ ပေးရတယ်လို့ အမည်မဖော်လိုတဲ့ ကျောက်မျက် တူးဖော်ရေးကုမ္ပဏီတွေက ပြောပါတယ်။
ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေးအတွက် အသေးစားယာဉ် အပါအဝင် ယာဉ်ယန္တရားမျိုးစုံ တစ်သောင်းကျော်ကို ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က စာရင်းကောက်ယူရရှိခဲ့တယ်လို့ သိရပါတယ်။
ယာဉ်၊ စက်ယန္တရားတွေကို တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းကနေ သယ်ယူမှုတွေရှိသလို ရန်ကုန် နဲ့ မန္တလေး ကနေတဆင့် ရေလမ်း၊ ကုန်လမ်းတွေနဲ့ ဖားကန့်ဒေသဘက် သယ်ယူခဲ့တာဖြစ်ပါတယ်။