ရှမ်းပြည်နယ် တာချီလိတ်မြို့ ရပ်ကွက်အချို့ ရေနစ်မြုပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့နယ်မှာ ညပိုင်းမိုးသည်းထန်စွာရွာသွန်းပြီး မယ်ဆိုင်ချောင်း ရေလျှံလာတာကြောင့် နိုဝင်ဘာလ ၁ ရက် ဒီနေ့ မနက်ပိုင်းကစပြီး ရပ်ကွက်တွေထဲ ရေဝင် ရောက်ကာ နေအိမ်အချို့ရေနစ်မြုပ်နေပါတယ်။
မနက် ၆ နာရီလောက်ကတည်းက တောင်ကျချောင်းရေစီးဆင်းပြီး မယ်ဆိုင်ချောင်း ရေလျှံလာတာကြောင့် တာချီမြို့ထဲက တာလော့ရပ်ကွက်နဲ့ ပုန်းထွန်ရပ်ကွက်ထဲက နေအိမ်တွေ ရေနစ်မြုပ်နေတာလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ရေဘေးသင့်နေအိမ်တွေနဲ့ ပြည်သူအရေအတွက်ကိုတော့ တိတိကျကျမသိရသေးပေမယ့် ရေးဘေးသင့် ပြည်သူတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းထားတယ်လို့လည်း ဆိုပါတယ်။
အလားတူ တာချီလိတ်မြို့နယ် တစ်ဘက်ကမ်းမှာရှိတဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာလည်း ရေကြီးပြီး နေရာအချို့ ရေဝင်ရောက်နေပါတယ်။
မြန်မာနိုင်ငံ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကြားမှာရှိတဲ့ မယ်ဆိုင်ချောင်းဟာ အရင်ကလည်း မိုးသည်းထန်စွာရွာပြီး တောင်ကျရေကျချိန်မှာ ရေလျှံမှု မကြာခဏဖြစ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ထဲမှာ မိုးသည်း ထန်စွာ ရွာသွန်းခဲ့တာကြောင့် မြို့ကိုဖြတ်ပြီးစီးဆင်းနေတဲ့ နမ့်စောင်ငေါင်းချောင်း ရေလျှံပြီး ချောင်းဘေး တလျှောက်က (၈) ရပ်ကွက် ကားကွင်း၊ ဘူတာ (၆) ရပ်ကွက်နဲ့ (၇) ရပ်ကွက် နေရာအချို့အပြင် (၃) ရပ်ကွက် ထဲက လမ်းမကြီးအနီးမှာရှိတဲ့ နေအိမ်တွေ၊ လမ်းတွေရေနစ်မြုပ်ခဲ့ပါတယ်။