တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရာ နဂါးတွင်းရွာကို ဩဂုတ်လ ၂၂ ရက်ညက လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးဒုက္ခသည် လေးရာကျော်ရှိတဲ့ နဂါးတွင်းရွာ စာသင်ကျောင်းအနီးကို စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်က ဗုံးတစ်လုံးကြဲချခဲ့တာလို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုဖြိုးက RFA ကို ပြောပါတယ်။
“ညပိုင်းမှာ လာချသွားတာ။ အမှတ်မထင် ဖြစ်သွားတာပေါ့။ ရွာက စာသင်ကျောင်းအနီး ကျသွားတယ်။ ညတွင်းချင်းပဲ စစ်ဘေးဒုက္ခသည်တွေ နေရာရွှေ့ပြောင်းကြရတယ်။ တချို့လည်း ဒီမနက် ရွှေ့ပြောင်းနေကြတယ်။ အမျိုးသမီးတစ်ဦး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိပါဘူး”
စစ်ကောင်စီတပ်က ဒီပဲယင်းမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ တောင်ပြင်ရပ်ကွက်၊ အနောက်ကွက်သစ်နဲ့ ကံပြားရွာကို လေးရက်ဆက်တိုက် နေအိမ်တွေမီးရှို့နေပြီး ပျက်စီးမှု အသေးစိတ်မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ဒီပဲယင်းမြို့မှာ ဩဂုတ်လ ၁၅ ရက်နေ့ကစလို့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွာခဲ့ရပြီး အခုအချိန်အထိ မပြန်နိုင်ကြသေးပါဘူး။
မြို့ကို ဩဂုတ်လ ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ညနေပိုင်းမှာ လက်လွှတ်ခဲ့ရပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း ရဲစခန်းအချုပ်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် လူနှစ်ဆယ်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။