ရှမ်းမြောက်မှာ တအာင်းပညာရေးကောင်စီက ကျောင်းပေါင်းငါးရာနီးပါး ဖွင့်ဖို့ပြင်ဆင်
2024.05.24

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ တအာင်းပညာရေးကောင်စီ (TLEC) က ၂၀၂၄ ဒီနှစ် ပညာသင်နှစ်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျောင်းပေါင်း ငါးရာနီးပါး ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ TLEC ရဲ့ ဒါရိုက်တာ နိုင်ဟိန်းညူးက မေလ ၂၄ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ပညာသင်နှစ်မှာ ကျောင်းပေါင်း လေးရာနီးပါး (၃၈၁ ကျောင်း) ဖွင့်လှစ်နိုင်ခဲ့ပြီး ဒီနှစ်မှာတော့ ကျောင်းပေါင်း တစ်ရာကျော် ထပ်မံတိုးချဲ့ဖွင့်လှစ်မယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ သိမ်းပိုက်ခဲ့တဲ့ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုင်းငေါ့ မြို့ပေါ်က ကျောင်းတွေအပြင် စစ်ကောင်စီ ထိန်းချုပ်နယ်မြေနဲ့ထိစပ်တဲ့ ကျေးရွာတွေမှာလည်း စာသင်ကျောင်းတွေကို ဖွင့်လှစ်မယ်လို့ TLEC ဒါရိုက်တာ နိုင်ဟိန်းညူးက ပြောပါတယ်။
“အဓိက ကလေးတွေ ပညာသင်ကြားရေး အခွင့်အလမ်း မဆုံးရှုံးရအောင် ရည်ရွယ်တာဆိုတော့ ကလေးတွေ သူတို့ သင်ကြားခဲ့တဲ့ အတန်းနဲ့ အသက်အလိုက် အရည်အချင်းပေါ် မူ တည်ပြီး ကျွန်တော်တို့ ပြန်လက်ခံပေး မှာပါ။ ဘယ်ကလာတဲ့ ကလေးတွေပဲဖြစ်ဖြစ်ပေါ့နော်”
TLEC ကဖွင့်လှစ်ခဲ့တဲ့ စာသင်ကျောင်းတွေမှာ ပြီးခဲ့တဲ့ ပညာသင်နှစ်က ကျောင်းသား၊ ကျောင်းသူ သုံးသောင်း နီးပါး (၂၈,၀၀၀) တက်ရောက်ခဲ့ပြီး ဆရာ၊ ဆရာမအင်အား ၁၆၀၀ ဝန်းကျင်ကို အသုံးပြုခဲ့တာပါ။ ဒီနှစ်မှာတော့ ကျောင်းတွေ ထပ်တိုးမှာဖြစ်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူ ခြောက်သောင်းနီးပါးအထိ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
တိုးလာတဲ့ စာသင်ကျောင်းတွေအတွက် CDM ဆရာ၊ ဆရာမ တွေအပြင် TLEC က မွေးထုတ်ထားတဲ့ ဆရာ၊ ဆရာမ အင်အား အနည်းဆုံး တစ်ထောင်ဝန်းကျင်ခန့် ထပ်မံဖြည့်တင်းထားတယ်လို့ TLEC ရဲ့ ဒါရိုက်တာ နိုင်ဟိန်းညူးက ပြောပါတယ်။
TLEC ရဲ့ စာသင်ကျောင်းတွေကို လာမဲ့ ဇွန်လ ၁၀ ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်ပြီး ပညာသင်နှစ် တစ်ခုလုံးအတွက် ကျောင်းဝင်ကြေးကို မူလတန်းအဆင့်အတွက် ကျောင်းသားတစ်ဦးကို ကျပ်တစ်သိန်း၊ အလယ်တန်းအဆင့်ကို ကျပ်တစ်သိန်းခွဲနဲ့ အထက်တန်းအဆင့်ကို ကျပ်နှစ်သိန်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ကျောင်းဝင်ကြေးတွေကို ခွဲပြီးသွင်းနိုင်သလို ငွေကြေးမတတ်နိုင်တဲ့ မိသားစုတွေအနေနဲ့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်နဲ့ ကျောင်းအပ်နှံနိုင်တယ်လို့ TLEC က ပြောပါတယ်။
ကျောင်းသင်ရိုးညွှန်းတန်း စာအုပ်တွေကို အရင် NLD အစိုးရလက်ထက် ပြဋ္ဌာန်းတဲ့ သင်ရိုးညွှန်းတန်း စာအုပ်တွေကို ထပ်မံဖြည့်စွက်ပြီး အသုံးပြုထားတယ်လို့ TLEC က ပြောထားပါတယ်။