ရွေ့လျားဆေးကုယာဉ် ဝယ်မည်


2018.02.23
dr-myinthtwe-622.JPG ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ အမျိုးသားလွှတ်တော်မှာတွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ရွေ့လျားဆေးကုရေယာဉ် နှစ်စင်း ဝယ်ယူဖို့ လာမယ့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ တင်ပြတောင်းခံသွားမယ် လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အမျိုးသားလွှတ်တော်မှာ တင်ပြပါတယ်။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ရွေ့လျားဆေးကုန်ရေယာဉ် ဝယ်ယူမယ့် အစီအစဉ်ကို အခုလို တင်ပြခဲ့ပါတယ်။

"ကျနော့်အနေနဲ့ကတော့ သင်္ဘောရှိဖို့လိုပါတယ်၊ သင်္ဘောကို လှူမယ့်သူတွေရှိလို့ရှိရင်တော့ ကျနော်တို့က အဆင်သင့်ပဲ၊ ချက်ချင်းလိုချင်ပါတယ်၊ သို့သော်လည်း လှူမယ့်လူကိုတော့ ကျနော် သိပ်မစောင့်ပါဘူး၊ ကျနော့်အနေနဲ့ ၂ဝ၁၈၊ ၁၉ မှာ ကျနော် ထည့်ဖို့စဉ်းစားထားပါတယ်၊ သင်္ဘောတစ်စီးကတော့ သိန်း ၄၃ဝဝ လောက်တော့ကျပါတယ်၊ အကြီး အသေးပေါ့၊ ၄၃ဝဝ သင်္ဘောဆိုလို့ရှိရင် တော်တော်လေး နည်းနည်းကြီးပါတယ်၊ အဲဒီတော့ ၃ဝဝဝ လောက်နဲ့ ရမလားဆိုတာ ဆင်မလိုက်သင်္ဘောကျင်းမှာရှိတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ညှိပါမယ်"

ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၉ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံရဲ့ ကမ်းရိုးတန်းဒေသ ရခိုင်ပြည်နယ်အတွက်  ဆေးကုရေယာဉ် အနည်းဆုံး ၁ စင်းခန့် ဒါမှမဟုတ် လုံလောက်စွာချထားပေးဖို့ အစီအစဉ်ရှိ၊ မရှိမေးခွန်းကို ဖြေကြားရာမှာ ထည့်သွင်းပြောကြားတာပါ။

လက်ရှိ ဘိုကလေးနဲ့ ဖျာပုံမှာ နှစ်စင်းရှိပြီးလွှတ်တော်ရဲ့ ခွင့်ပြုချက်ရရင် ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ တစင်းနဲ့ ရခိုင်ပြည်နယ်အတွက် တစင်းထားမယ်လို့လည်း ဒေါက်တာမြင့်ထွေး ကပြောပါတယ်။

ဒါ့အပြင် တနိုင်ငံလုံးလွှမ်းခြုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရွေ့လျားဆေးကုယာဉ်တွေကို ကုန်းမှာလုပ်တာထက် ရေမှာလုပ်တာက ပိုပြီးအရေးကြီးတဲ့အတွက် မဟာဗျူဟာ၊ နည်းဗျူဟာချ မှတ်ဆောင်ရွက်မယ်လို့ ပြောပါတယ်။

ရွေ့လျားဆေးကုရေယာဉ်တွေဟာ ကျန်းမာရေးအဆင့်နိမ့်ကျတဲ့ဒသတွေ၊ သွားရေးလာရေးခက်ခဲတဲ့ဒေသတွေ၊ လုံခြုံရေးကောင်းတဲ့ဒေသတွေမှာ အသုံးဝင်တယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။