ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မင်္ဂလာဒုံမြို့နယ် ရဲစခန်းက ဒီနေ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။
လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ အဖမ်းခံမှာဖြစ်ကြောင်း ရဲစခန်းထံ အကြောင်းကြားပြီးချိန်မှာ ကိုဆွေဝင်းဟာ ဘန်ကောက်မှာရှိတဲ့ Myanmar Now ရုံးခွဲထံ သွားဖို့ ဒီနေ့ လေဆိပ်ရောက်ရှိချိန်မှာ ဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှာ ကိုဆွေဝင်းကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ မဘသ ဆရာတော် ဦးဝီရသူကို ပါရာဇိက ကျသွားပြီလို့ မန္တလေးက ရဟန်းတော်တစ်ပါးက မိန့်ကြားထားချက်ကို ကိုးကားပြီး "အခြေခံ ဥပဒေပြင်လိုသူတွေကို မဘသ သတိပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ဖေဖော်ဝါရီလ ၂၇ နဲ့ ၂၈ ရက်နေ့တွေက သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဝေမျှ ခဲ့ပါတယ်။ အဲဒီလိုဝေမျှမှုကြောင့် ဦးဝီရသူရဲ့ တပည့်ဖြစ်သူ ကိုကျော်မျိုးရွှေက မန္တလေးမြို့အမှတ် ၇ ရဲစခန်းမှာ မတ်လ ၇ ရက်နေ့က ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။