ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အညတြသူရဲကောင်းဆု ချီးမြှင့်မည်

မြန်မာ့ဒီမိုကရေစီရေးအတွက် နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် ကြိုးပမ်းနေတဲ့သူတွေကို ဂုဏ်ပြုတဲ့ အညတြ သူရဲကောင်းဆုကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ဒီနှစ်မှာ ပထမဆုံးအကြိမ် အဖြစ် ပြုလုပ်ပြီး နိုင်ငံရေးအကျဉ်းသား ၃ ဦးကို ရွေးချယ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ရန်ကုန်မြို့၊ ရွှွေတောင်ကုန်း ကျောင်းတိုက်တွင် နိုဝင်ဘာ ၂၉ ရက်က နိုင်ငံရေး အကျဉ်းသားများ၏ မိသားစု ဆွေမျိုးသားချင်းများကို ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (အလယ်) တွေ့ဆုံနှုတ်ဆက်ပြီး အားပေးစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)
ဒီနှစ်အတွက် အညတြ သူရဲကောင်းအဖြစ် ရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ် ၃ ဦးကတော့ ဦးန္ဒက၊ ဘိုးတော် ခေါ် ဦးခင်ဝင်းနဲ့ ကိုသန်းနိုင်တို့ ဖြစ်ပါတယ်။

ဦးန္ဒကဟာ မဂ္ဂင်ကျောင်းတိုက် နောက်ဆုံးဆရာတော် ဖြစ်ပြီး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကာလက အဖမ်းခံလိုက်ရတာပါ။ အဲဒီနောက် ထောင်ဒဏ် ၂၆ နှစ်နဲ့ လာရှိုးထောင်မှာ ကျခံနေရ ပါတယ်။

ဘိုးတော် ခေါ် ဦးခင်ဝင်းက ၁၉၉၉ ခုနှစ်မှာ ၉ လေးလုံး လှုပ်ရှားမှုနဲ့ အဖမ်းခံရပြီး အင်းစိန်အကျဉ်း ထောင်မှာ ထောင်ဒဏ် ၂၃ နှစ် ကျခံနေရပါတယ်။

ကိုသန်းနိုင်ကတော့ HIV/AIDS ဝေဒနာသည်တွေ ကူညီ စောင့်ရှောက်ရေး ကြိုးပမ်းနေရင်း ၂၀၀၇ မှာ အဖမ်းခံရပြီး မအူပင် အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၄ နှစ်ကျခံနေရပါတယ်။

ဒီဆုပေးတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဆုရွေးချယ်ရေး ကော်မတီဝင် ကိုမင်းထက်ဇော်က RFA ကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ပြည်တွင်းမှာပေါ့လေ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ကို ပဓာနမထားပဲနော်၊ မိမိရဲ့ မိသားစု ဘဝတွေပါ ပေးဆပ်ပြီးတော့ ဆောင်ရွက်ခဲ့တဲ့ လူတွေကို ကျွန်တော်တို့အနေနဲ့ ချီးမြှင့်လိုတဲ့ ဆန္ဒ ဖြစ်ခဲ့တာပေါ့။ နောက် သူတို့တွေက အမည်နာမအားဖြင့်လည်း ထင်ပေါ် ကျော်ကြားခြင်း မရှိဘူး။ ကျွန်တော်တို့ အဲဒီအပေါ်မှာ ဂုဏ်ပြုချင်တဲ့ ဆန္ဒ ဖြစ်လာတဲ့အတွက်ကြောင့် ဒီ လုပ်ငန်းစဉ်တွေ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီဆု ရွေးချယ်တာကိုတော့ ပြည်တွင်းကပေါ့လေ၊ ဆရာကြီး ဦးဝင်းတင် ဦးဆောင်တဲ့ အညတြ သူရဲကောင်းဆု ရွေးချယ်ရေး ကော်မတီကနေ ရွေးချယ်ခြင်း ဖြစ်ပါတယ်။”

ဆုရရှိတဲ့ ပုဂ္ဂိုလ် ၃ ဦးကို တဦးကို ကျပ်ငွေ ၁၀ သိန်းစီ ချီးမြှင့်မှာ ဖြစ်ပါတယ်။ အခမ်းအနားကို လာမဲ့ နှစ်ဆန်း ၁ ရက်နေ့ကျရင် ရန်ကုန်မြို့က အမျိုးသား ဒီမိုကရေစီရုံးချုပ်မှာ ကျင်းပမှာ ဖြစ်ပြီး၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချီးမြှင့် ပေးအပ်မယ်လို့ သိရပါတယ်။

ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ ချီးမြှင့်တဲ့ အညတြ သူရဲကောင်းဆုကို တနှစ် နှစ်ကြိမ် ပေးအပ်ဖို့ စဉ်းစားထားကြပြီး၊ အနည်းဆုံးတော့ တနှစ်တကြိမ် ပေးအပ်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆုချီးမြှင့်ရေး ကော်မတီဝင် ကိုမင်းထက်ဇော်က ပြောပါတယ်။

ဆုချီးမြှင့်ခံရသူတွေနဲ့ပတ်သက်ပြီး RFA မှ ဦးနေရိန်ကျော်က ဆက်လက် တင်ပြထားပါတယ်။

အညတြသူရဲကောင်းများ
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org