ဒီအမှုဟာ နေအိမ်အကျယ်ချုပ် ကျနေစဉ်ကတည်းက ပါတီရဲ့ အထွေထွေအတွင်းရေးမှူးအနေနဲ့ ရှေ့နေတွေကတဆင့် အမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးတဲ့ ကျမ်းကျိန်လွှာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ခုလို ပြောပါတယ်။
“အစိုးရအပေါ်မှာ ကျွန်တော်တို့ ပါတီရပ်တည်ရေး စွဲထားတဲ့အမှုမှာ လိုအပ်တဲ့ ကျမ်းကျိန်လွှာတခု၊ ကတိသစ္စာပြုလွှာလည်း ခေါ်တယ်ပေါ့ဗျာ၊ ဒါက ကျွန်တော်တို့ တရားရုံးကို ပြန်တင်ရမယ် ကျမ်းကျိန်လွှာ တွဲပြီးတော့ ၁၈ ရက်နေ့မှာ ကျွန်တော်တို့ တင်ဖို့ပါ။”
NLD ပါတီ ဆက်လက် ရပ်တည်ရေးအတွက် စစ်အစိုးရကို တရားစွဲဆိုထားတဲ့ အမှုကို နိုဝင်ဘာလ ၁၂ ရက်နေ့က တရားရုံးက လာမဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ကို အမှုချိန်းပေးလိုက်တာပါ။ ၁၈ ရက်နေ့မှာ နှစ်ဖက်ရှေ့နေများ အပြန်အလှန် လျှောက်လဲဖို့ ရှိနေပါတယ်။
ဒေါ်စုပြောတဲ့စကားပဲ ပြောပေါ့ဗျာ။ လူထုက လက်ခံနေသမျှ NLD ရှိနေမယ်။
တရားရုံးအနေနဲ့ ဒီအမှုဟာ အများနဲ့ ပတ်သက်ပြီး လက်ခံ ကြားနာသင့်တယ်လို့ ဆုံးဖြတ်ရင် ကြားနာမှာ ဖြစ်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
အကယ်၍ ဒီအမှုကို တရားရုံးက ပယ်ခဲ့သည်ရှိသော် NLD ပါတီ ဘယ်လို ဆက်လက် ရပ်တည်မှာလဲလို့ မေးကြည်တဲ့ အခါ ဦးဉာဏ်ဝင်းကခုလို ဖြေပါတယ်။
“ဒေါ်စုပြောတဲ့စကားပဲ ပြောပေါ့ဗျာ။ လူထုက လက်ခံနေသမျှ NLD ရှိနေမယ်။”
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဗဟိုတရားရုံးကို လိုက်ပါသွားခဲ့တဲ့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။