ဂျပန်ရောက် ဒီမိုကရေစီအင်အားစုများနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး
2011.02.11

ဂျန်ပန်နိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုတွေက မေတ္တာရပ်ခံချက်အရ ဒေါ်အောင်ဆန်း စုကြည်ဟာ အခုလို တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောခဲ့တာ ဖြစ်ပါတယ်။
ဒီလိုဆွေးနွေးရာမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဒီကနေ့ နိုင်ငံရေးအခြေအနေနဲ့ အညီ လုပ်ဆောင်သင့်တဲ့ ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လမ်းညွန်ခဲ့တယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။
“ဂျပန်နိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီရေး ကြိုးပမ်း ဆောင်ရွက်နေကြတဲ့ အဖွဲ့များ စုပေါင်းပါဝင်တဲ့ မြန်မာနိုင်ငံသားများက ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက် ဂါရဝပြုခွင့် ပြုပါ၊ နောက် အနာဂတ် မြန်မာ့ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတိုင်ပင်ပြီးတော့ လမ်းညွှန်အကြံပြုချက်တွေ ပေးပါလို့ အဲဒီလို မေတ္တာရပ်ခံလာပါတယ်။ အဲဒီ မေတ္တာရပ်ခံချက်အတိုင်း အထွေထွေ အတွင်းရေးမှူးက သူ့ နေအိမ်က နေပြီးတော့ပဲ ဂျပန်က ချိတ်ဆက်လာတဲ့ အဲဒီ စောစောက အင်အားစုတွေများနဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ဆွေးနွေး လမ်းညွှန်ပါတယ်။”
မြန်မာနိုင်ငံ ဒီမိုကရေစီကွန်ရက် (ဂျပန်) မှာပါဝင်တဲ့ ကိုကျော်ကျော်စိုးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့ ဘာတွေ ဆွေးနွေး ပြောဆိုတယ်ဆိုတဲ့ အကြောင်း RFA ကို ပြောပြပါတယ်။
“အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်မှာ ရှိတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ အားလုံး ညီညီညွတ်ညွတ် ရှိကြဖို့၊ ညီညွတ်မှသာလျှင် ဒီမိုကရေစီရေးအတွက် ကြိုးပမ်းရာမှာ အောင်မြင်မှု ရမယ်လို့ အရင်ဆုံး သူ ပြောပါတယ်။ နောက်တချက် ပြည်ထောင်စု စိတ်ဓာတ် ရှိကြဖို့။ အဲ ဗမာပြည်မှာ ဗမာပြည်သူပြည်သားတွေ ကြားထဲမှာ ပြည်ထောင်စုစိတ်ဓာတ် နည်းပါးနေသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူတွက်ဆတယ်ဆိုတဲ့ အကြောင်းလည်း ပြောပါတယ်။ နောက်တချက်က ကိုယ်ဖြစ်ချင်တဲ့ ပုံစံမျိုးနဲ့ ရှုမြင်တာမျိုး မလုပ်ပါနဲ့တဲ့။ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေအတိုင်း ရှုမြင်ပါတဲ့။ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်အစိုးရနဲ့ ဂျပန်ပြည်သူတွေကို သူ မေတ္တာရပ်ခံ ပြောဆိုသွားပါတယ်။”
ဒီတယ်လီဖုန်းကတဆင့် ဆွေးနွေး စကားပြောတာဟာ ၁ နာရီခွဲလောက် ကြာတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေခင်းမှာတော့ ဆွီဒင် ပါလီမန်က နိုင်ငံခြားရေးကော်မတီဝင် အမတ် ၂ ဦးကို လက်ခံ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။