လူမှုရေးပင်စင်တွေ တိုးမြှင့်ပေးအပ်သွားမည်

လူမှုဝန်ထမ်းဦးစီးဌာနက အသက် ၆၀ နှစ်အထက် အသက်အရွယ်ရှိတဲ့သူတွေကိုပေးနေတဲ့ လူမှုရေးပင်စင်ကို လာမယ့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ လက်ရှိပင်စင်ရရှိတဲ့ သက်ကြီးရွယ်အို လူဦးရေထက် လေးဆအထိ တိုးမြှင့်ပေးမယ်လို့ သိရပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်က သက်ကြီးရွယ်အိုများနေ့ အခမ်းအနားမှာ တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

လူမှုဝန်ထမ်းဦးစီးဌာနက အသက် ၆၀ နှစ်အထက် အသက်အရွယ်ရှိတဲ့သူတွေကိုပေးနေတဲ့ လူမှုရေးပင်စင်ကို လာမယ့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ လက်ရှိပင်စင်ရရှိတဲ့ သက်ကြီးရွယ်အို လူဦးရေထက် လေးဆအထိ တိုးမြှင့်ပေးမယ်လို့ သိရပါတယ်။

နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီနေ့ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားမှာအပြီးမှာ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက ပြောပါတယ်။

"၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာဆိုလို့ရှိရင် အသက် ၉၀ အထက် အဘိုး၊ အဘွား လေးသောင်းကျော်ကို နိုင်ငံတော် ဘတ်ဂျက်ကနေပြီးတော့ ၄.၅ ဘီလီယံလောက် သုံးစွဲခဲ့တာဖြစ်ပါတယ်။ ဒီ လူမှုရေးပင်စင်အတွက်လေ။ လာမယ့် ၂၀၁၈-၁၉ ဘတ်ဂျက်မှာဆိုလို့ရှိရင်တော့ ၉၀ ကနေပြီး ၈၅ ထိ လျော့ချပြီးတော့ ထောက်ပံ့သွားမယ်။ ထောက်ပံ့ သွားမယ့် ဘိုးဘွားဦးရေက တစ်သိန်းလေးသောင်းကျော်လောက်ရှိတာပေါ့"

လူမှုရေးပင်စင်ကို ၂၀၁၇ ခုနှစ်မှာ အသက် ၉၀ နှစ်အထက် သတ်မှတ်ပေးခဲ့ပေမယ့် ဒီနှစ်မှာတော့ အသက် ၈၅ နှစ်အထက် ပြောင်းလဲသတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ လူဦးရေ လေးသောင်းသုံးထောင်ကျော်ကို လူမှုရေးပင်စင်ပေးခဲ့ပြီး ဒီနှစ်မှာတော့ အသက်ကန့်သတ် ချက် လျော့ချလိုက်တာကြောင့်လူဦးရေ တစ်သိန်းလေးသောင်းကျော်ကို ပေးအပ်မှာဖြစ်ပါတယ်။

လူမှုရေးပင်စင်အဖြစ် တစ်လကို ကျပ်ငွေတသောင်းနှုန်းနဲ့ သုံးလတစ်ခါ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ကတဆင့် ပေးအပ်နေတယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံက လူဦးရေရဲ့ ၈ ဒဿမ ၉ ရခိုင်နှုန်းဟာ အသက် ၆၀ အထက်ဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်မှာ သက်ကြီးရွယ်အို ၁၂ သန်းအထိရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org