မိကျောင်းကန် ရပ်ကွက်အရေး ဆန္ဒပြပွဲခေါင်းဆောင် တရားစွဲဆိုခံရ


2013.07.26
mechaungkan-305.jpg တပ်ကသိမ်းထားတဲ့မြေများ ပြန်လည်ရရှိဖို့ မိချောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက် မူလပိုင်ရှင်များ ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒဖော်ထုတ်နေကြစဉ်
photo: RFA/ Kyaw Zaw Win

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် ရပ်ကွက်  အပိုင်း(၁၊၂၊၃) ရပ်ကွက်မှာရှိတဲ့ ဘိုးဘွားပိုင်မြေနေရာတွေပြန်ရဖို့  မနေ့ကမြို့တော် ခန်းမရှေ့ ဆန္ဒပြပွဲတောင်းဆိုပွဲကို ဦးေဆာင်စီစဉ်ခဲ့သူ ဦးစိန်သန်းနဲ့ ကိုထင်ကျော်တို့ကို ကျောက်တံတားမြို့နယ် ရဲစခန်းက စခန်းမှူးကတရားလိုပြုလုပ်ပြီး ပုဒ်မ(၁၈)နဲ့ အမှုဖွင့်အရေးယူလိုက်ပါတယ်။

ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံထားရပေမယ့် အခုလက်ရှိကိုယ်ပိုင်ခံဝန်နဲ့ အာမခံရထားတယ်လို့ ဆန္ဒပြခေါင်းဆောင် ဦးစိန်သန်း RFAကိုပြောပါတယ်။

"ပထမတစ်ကြိမ်ကို ဆန္ဒထုတ်ဖော်ခွင့်ပြုပါတယ်၊ ဒုတိယအကြိမ်ကျတော့ ဒီနေရာမှာ စည်ပင်က ခွင့်မပြုပါဘူးဆိုပြီးတော့ အကြောင်းပြချက်နဲ့ ပယ်ချခံရတဲ့အတွက်ကြောင့် ကျနော်တို့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ပြည်သူတွေက စုရပ်ဖြစ်နေတဲ့အတွက်ကြောင့် မနေ့ကနေပြီးတော့ ဒီဆန္ဒထုတ်ဖော်ပွဲကို ကျနော်တို့ဦးဆောင်ပြီးတော့ လုပ်ခဲ့ပါတယ်၊ အဲဒါပုဒ်မ ၁၈ နဲ့ ငြိတယ်ဆိုပြီးတော့ ကျောက်တံတားရဲစခန်းက အမှုဖွင့်ပြီးတော့ ကျနော်တို့ကို ၇ ရက်နေ့မှာ တရားရုံးကိုစွဲတင်ပါလိမ့်၊ အခုတော့ ကိုယ်ပိုင်ခံဝန်နဲ့ အာမခံပေးပြီး လွှတ်ထားပါတယ်”

ဆန္ဒပြလိုသူတွေက ကျောက်တံတားမြို့နယ် ရဲစခန်းမှာ ၂ ပတ် ကြိုတင်ခွင့်တောင်းခဲ့ပေမယ့် ခွင့်ပြုချက်မရခဲ့တာလို့ ပြောပါတယ်။

၁၉၉၁ ခုနှစ်က သင်္ဃန်းကျွန်းမိကျောင်းကန် ရပ်ကွက် ၁ ၊ ၂၊ ၃ ကိုစစ်တပ်က သိမ်းယူလိုက်ပြီး တချို့လူတွေကို လှိုင်သာယာဖက်မှာမြေကွက်တွေ ပြန်ရောင်းပေးခဲ့ပါတယ်။

တချို့ကိုတော့ ပဲခူးရိုးမအစပ်နေရာတွေအထိ ပြောင်းရွှေ့ပစ်ခဲ့ပါတယ်။ မနေ့ကမူလမိကျောင်းကန်မှာ နေထိုင်ခဲ့ကြသူ ၂ဝဝ နီးပါးလောက်ဟာသူတို့မြေနေရာတွေ ပြန်ရရေးအတွက်ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ၆ ကြိမ်မြောက် ဆန္ဒပြတောင်းဆိုခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။