၂၀၀၁ခုနှစ်ကစပြီး မြန်မာဖက်ခြမ်းက ကျောင်းသားတွေ မိုးရေးဖက်က ပုဂ္ဂလိက ကျောင်းတွေကို သွားရောက် ပညာသင်ကြားနေခဲ့ကြရာမှာ တနှစ်ထက်တနှစ် အရေအတွက် များပြားလာနေတယ် လို့ မဏိပူရ်ပြည်နယ် The Sagai Express သတင်းဌာနရဲ့ လေ့လာချက်က ဆိုပါတယ်။
မိုးရေးက ပုဂ္ဂလိက ကျောင်းတကျောင်းမှာ ဆိုရင် မြန်မာကျောင်းသား တရာအထက် ရှိတယ်လို့ ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။ ပထမတန်းကနေ ဆယ်တန်းအထိ သင်ကြားနေကြတာပါ။
မြန်မာဖက် မှာ အင်္ဂလိပ်စာ အပါအဝင် သင်ကြားရေးအစီအစဉ်တွေ မပြည့်စုံတဲ့အတွက် မိုးရေးဟာ နမ့်ဖာလုံ နဲ့ တမူးမြို့က မြန်မာကျောင်းသားတွေအတွက် ပညာရေး ဆွဲဆောင်မှုတခု ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
အခုဆိုရင် တမူး၊ ကလေးမြို့၊ ကလေးဝနဲ့ မန္တလေးမြို့တွေကတောင် အိန္ဒိယဖက်က အင်္ဂလိပ်ဘာသာနဲ့ ပုံနှိပ်ထုတ်ဝေတဲ့ ကျောင်းသုံးစာအုပ်တွေကို မိုးရေးကနေ ဝယ်ယူနေကြတယ်လို့ The Sagai Express သတင်းဌာနက ဖော်ပြပါတယ်။