ဟောင်ကောင် ဆန္ဒပြပွဲကို စီးပွားရေးတကသ ထောက်ခံ


2014.10.05
student-union-hk-305 ဟောင်ကောင်ကျောင်းသားတွေရဲ့ ထီးတော်လှန်ရေးကို တက္ကသိုလ် ကျောင်းသားများ သမဂ္ဂတွေ ထောက်ခံကြောင်း အောက်တိုဘာ ၅ ရက်နေ့က မဟာဗန္ဓုလပန်းခြံမှာ ဆန္ဒထုတ်ဖော်စဉ်
Photo : RFA/ Kyaw Zaw Win

တရုတ်ပြည် ဟောင်ကောင် အထူး အုပ်ချုပ်ရေး နယ်မြေမှာ ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြနေ တဲ့ ကျောင်းသားတွေကို ထောက်ခံတဲ့ လှုပ်ရှားမှု တစ်ရပ် ရန်ကုန်မြို့မှာ ဒီကနေ့ ထပ်မံပေါ်ပေါက် ခဲ့ပါတယ်။

ဒီနေ့ လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဌ ကိုမင်းသူကျော်က ဟောင်ကောင်ကျောင်းသားတွေရဲ့ ဒီမိုကရေစီ အရေး ဆန္ဒပြပွဲကို သူတို့ အပြည့် အ၀ ထောက်ခံတယ်လို့ RFA ကို ပြောပါတယ်။

" နိုင်ငံအတွက် သူတို့ဘာကိုမှ ဂရုမထားပဲ နဲ့ ဆောင်ရွက်နေကြတာကို အင်မတန်လေးစား ပါတယ်၊ အင်မတန်ကို ဂုဏ်ယူပါတယ်ပေါ့နော်၊ အားကြီးမားသူ နိုင်ရာထုံးစံ ဆိုတဲ့အတိုင်းပဲ အစိုးရက ဖြိုခွင်းလိုက်မယ်လို့ပဲ ကျွန်တော်တို့ ထင်မိတယ်၊ အဲ့အတွက်လည်း ကျွန်တော်တို့ တကယ်ကို စိတ်မကောင်းဘူး၊ သူတို့ ရှုံးကောင်း ရှုံးသွားလိမ့်မယ်၊ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာမှာတော့ မရှုံးဘူး၊ ဒီမျိုးဆက်မှာ ရှုံးသွား ရင်တောင် နောက် မျိုးဆက်တွေမှာ နိုင်ပွဲဆင်မှာပဲ၊ ကျွန်တော်တို့လည်း သူတို့လိုပဲ တိုက်ပွဲဝင်နေရတဲ့ သူတွေမို့လို့ ကျွန်တော်တို့ သူတို့ခံစားချက်ကို ကောင်းကောင်းနားလည်တယ်၊ အဲ့အတွက် သူတို့လုပ်သမျှ ဒီမိုကရေစီအတွက် သူတို့ထမ်းဆောင်သမျှ အားလုံးကို ကျွန်တော်တို့ နောက်ကနေ ထောက်ခံ အားပေးနေမယ်"

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက လည်း ဟောင်ကောင်ကျောင်းသားတွေဘက်က မိမိတို့ ရပ်တည်ကြောင်း ပြောကြားခဲ့ပါတယ်။

" ဟောင်ကောင်မှာ ဆန္ဒပြနေတဲ့ ကျွန်တော်တို့နဲ့ ဘဝတူ ကျောင်းသားခေါင်းဆောင်တွေ ကျောင်းသား ရဲဘော်တွေကို ပြောချင်တာက ဒီမိုကရေစီဟာ သေချာပေါက် အောင်ပွဲရမယ့် လမ်းစဉ်ဖြစ်တယ်၊ ဒါကို မလျှော့သောဇွဲနဲ့ ခိုင်ခိုင်မာမာ လုပ်ကြဖို့ နောက်ကိုယ့်ရဲ့ အကြမ်းမဖက်ဆန္ဒပြမှု ဆန္ဒဖော်ထုတ်မှုကို ပုံစံမပျက်အောင် ထိန်းသိမ်းပြီးတော့ ဇွဲရှိရှိနဲ့ ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်"

နောက်ဆုံးရသတင်းတွေအရ ဒီညသန်းခေါင်ယံ မတိုင်ခင် ဖယ်ရှားပေးဖို့  အစိုးရက ရာဇသံ ပေးထားတဲ့အတွက် ဆန္ဒပြကျောင်းသားတွေ ထောင်ပေါင်းများစွာဟာ ဟောင်ကောင်အမှုဆောင် အရာရှိချုပ် ရုံးခန်းရှေ့က ဆန္ဒပြစခန်းကို ရုပ်သိမ်းလိုက်ပြီဖြစ်ပြီး တခြားအဖွဲ့တွေရှိကြတဲ့ ပင်မဆန္ဒပြစခန်းကို နေရာပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။

စောစောပိုင်းက အခြေအနေကို ဟောင်ကောင်မှာရှိတဲ့ ဒေါက်တာ Samuel Lim ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဟောင်ကောင်မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေအပေါ် မြန်မာနိုင်ငံက ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ အမြင်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်း စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။