လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွဲခံရစဉ်က တွေ့ကြုံခဲ့ရတာတွေကို တိုင်ကြားထားတဲ့ ကျောင်း သူကျောင်းသားတွေကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ရန်ကုန်မြို့ ပြည်လမ်းက လူ့အခွင့် အရေးကော်မရှင်ရုံးမှာ ဒီနေ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
သပိတ်စစ်ကြောင်း ဖြိုခွဲခံရစဉ်က ရဲတပ်ဖွဲ့ဝင်တွေ ရိုက်နှက်ဖမ်းဆီးခဲ့တာတွေကို ပြောပြခဲ့ပြီး ပြန်လည်တရားစွဲဆိုသွားမယ့်အကြောင်း ပြောခဲ့တယ်လို့ တောင်ငူနည်းပညာ တက္ကသိုလ်ကျောင်းသား ကိုသန့်လွမ်းဝေချစ်က ပြောပါတယ်။
"လက်ပံတန်းမှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ကျောင်းသားတွေ အများကြီး လူ့အခွင့်အရေး ဆုံးရှုံးခဲ့တယ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါဝင်ပြီးသား နိုင်ငံသားရဲ့အခွင့်အရေး အခန်း (၈)၊ ၃၅၄(ခ) အရ လွတ်လပ်စွာဆန္ဒပြတာကို ကျနော်တို့ကို ဥပဒေကျော်လွန်ပြီးရိုက်နှက်ခဲ့တာ ကျနော်တို့ရဲ့ လူ့အခွင့်အရေး တစ်ရပ် ဆုံးရှုံးခဲ့တယ်၊ ကျနော်တို့ကို ဥပဒေကျော်လွန်ပြီး ရိုက်နှက်ခဲ့တဲ့ ရဲတွေကို ကျနော်တို့ကနေပြီးတော့ တရားဥပဒေနည်းလမ်းကျကျ ဥပဒေနဲ့အညီ ပုဒ်မ ၁၇ နဲ့ ပြန်လည်အရေးယူဆောင်ရွက်သွားမယ်"
ဒါ့အပြင် သပိတ်မှောက်ကျောင်းသူတွေကို သာယာဝတီအကျဉ်းထောင်အတွင်း ထိန်းသိမ်းခံခဲ့ရစဉ်က ကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးတာတွေဟာ အမျိုးသမီးအခွင့်အရေးချိုးဖောက်ခံရတာဖြစ်ကြောင်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းသား ကျောင်းသူ ၁၈ ဦးက လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို စစ်ဆေးပေးဖို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားစာပေးပို့ခဲ့တာဖြစ်ပါတယ်။
တိုင်ကြားသူ ၁၈ ဦးကို ကော်မရှင်က ဒီနေ့ ခေါ်ယူမေးမြန်းရာမှာ ၁၃ ဦးသာ လာရောက်ဖြေကြားနိုင်ပြီး ဖမ်းဆီးခံထားရသူတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေနဲ့ ဖမ်းဝရမ်းကြောင့် ထွက်ပြေးနေရတဲ့ ကျောင်းသား ၅ ဦးက မလာရောက်နိုင်ဘူးလို့ သိရပါတယ်။
လက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ကျောင်းသား ကျောင်းသူ နဲ့ ဝန်းရံသူ ၅၃ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဥပဒေမဲ့အစုအဖွဲ့မှာ ပါဝင်မှု၊ နိုင်ငံ့ဝန်ထမ်းကို နာကျင်စေမှု စတဲ့ ပုဒ်မ ၅ခုနဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
ဒီတွေ့ဆုံပွဲမှာပါဝင်သူတွေနဲ့ ဆက်သွယ်မေးမြန်းပြီး ဒေါ်ခင်ခင်အိက တင်ပြထားပါတယ်။