ကျောင်းသားသပိတ် ဆတ်သွား လူထုကြို
2015.02.07

ဗကသများအဖွဲ့ချုပ်ဦးဆောင်တဲ့ မန္တလေး-ရန်ကုန်ကျောင်း သားသပိတ်စစ်ကြောင်းဟာ တောင်တွင်းကြီးမြို့ကနေ ဆက်လက်ထွက်ခွာရာမှာ မနေ့နေ့လည်က ဆတ်သွားရွာ ကိုရောက်ရှိသွားပြီး ဒေသခံပြည်သူတွေက နယ်လုံးကျွတ် နီးပါး ကြိုဆိုခဲ့ကြပါတယ်။
ဆတ်သွားရွာကနေ ဒီနေ့မနက်မှာ အောင်လံမြို့ဘက်ကို ဦးတည်ချီတက်ကြမှာဖြစ်ပြီး၊ အောင်လံ မရောက်ခင် မိုးကောင်းရွာမှာရပ်နားကြမယ်လို့ ဗကသများအဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူး ကိုမင်းသွေးသစ်က RFA ကိုပြော ပါတယ်။
" ကျနော်တို့ဒီနေ့ ဆတ်သွားကို ညနေ ၃ နာရီခွဲ၊ ၄ နာရီလောက်မှာရောက်ပါတယ်၊ ကျနော်တို့ မနေ့က အိပ်တဲ့နေရာနဲ့ ဒီနေ့ရောက်တဲ့ ဆတ်သွားဆိုတာ ၁၀ မိုင်ခွဲ၊ ၁၁ မိုင်လောက်ပဲရှိတယ်ပေါ့၊ ဆတ်သွားမှာရှိ တဲ့ပြည်သူတွေလဲ ထောင်နဲ့ချီပြီး ကြိုဆို ကြပါတယ်၊ မနက်ဖြန် ကိုးပင်၊ ကိုးပင်ကနေအောင်လံ မရောက်ခင် ၁ ရက်နားမယ်၊ အောင်လံကို သန်ဘက်ခါ ဝင်မယ်"
ဆတ်သွားရွာကို ကျောင်းသားတွေမရောက်ခင် အဲ့ဒီမှာချထားတဲ့ ရဲအင်အား ၂၀၀ ကိုလဲ နောက်ထပ် မိုင် ၂၀ လောက် ကိုရွှေ့သွားတယ်လို့သိရပါတယ်။
ရပ်ဆိုင်းထားရတဲ့ ကျောင်းသားတွေနဲ့ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲတွေပြန်စဖို့ NNER ပညာရေး ကွန်ရက် ခေါင်းဆောင် ဒေါက်တာသိန်းလွင်နဲ့ ပညာရေးဒုဝန်ကြီး ဦးသန့်ရှင်း တို့မနေ့ကတွေ့ဆုံပွဲကို ကျောင်းသား ကိုယ်စားလှယ်တွေက လက်ခံတယ်လို့လဲ ကိုမင်းသွေးသစ် ကပြောပါတယ်။
"ဒေါက်တာသိန်းလွင်တို့က ကျနော်တို့ကျောင်းသားတွေကိုယ်စား ကြားခံ အေးဂျင့်အနေနဲ့ အစိုးရနဲ့ သွားရောက်ညှိနှိုင်းတယ်လို့ ကျနော်တို့သိရပါတယ်၊ အဲ့ဒီအတွက်ညှိနှိုင်းမှုကိုလက်ခံပါတယ်၊ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီးတော့ "
ဒီမိုကရေစီပညာရေးအတွက်တောင်းဆိုနေတဲ့ နိုင်ငံအနှံ့ကျောင်းသားတွေဟာ အခုဆိုရင် ပင်မသပိတ် အနေနဲ့ မန္တလေး ကနေရန်ကုန်ကို မြေလတ်ဒေသဖြတ်ပြီး ချီတက်နေသလို၊ မုံရွာခရိုင်ကျောင်းသားတွေကလဲ ပခုက္ကူမြို့ကကျောင်း သား တွေနဲ့သွားရောက်ပူးပေါင်းပြီး ရန်ကုန်ကိုချီတက်မှာဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာလဲ ပုသိမ်ကစထွက် လာတဲ့ကျောင်းသားသပိတ်က မနေ့က ညောင်တုန်းမြို့ကို ရောက်နေပြီ ဖြစ်ပါတယ်။ အလားတူ ထားဝယ်နဲ့မော်လမြိုင် ဘက်ကျောင်းသားတွေလဲပူးပေါင်းပြီး ရန်ကုန်ကိုချီတက်ကြမယ်လို့သိရပါတယ်။
မနေ့က ဆတ်သွားရွာကိုရောက်ရှိရပ်နားခဲ့တဲ့ ကျောင်းသားသပိတ်စစ်ကြောင်း ရဲ့အခြေအနေနဲ့ ပတ်သက်လို့ ဗကသများ အဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
ဧရာဝတီတိုင်းပုသိမ်မြို့က စတင်လာတဲ့ ပညာရေးဒီမိုကရေစီစစ်ကြောင်းဟာ ညောင်တုန်းကို မနေ့ညက ရောက်သွားပြီး ရန်ကုန်နဲ့ မအူပင်ကကျောင်းသားတွေ လာရောက်ပူးပေါင်းပါတယ်။ ဒီနေ့မှာ မအူပင်ကိုဆက်လက်ထွက်ခွာပါမယ်၊ ဒီ အကြောင်း ဧရာဝတီတိုင်း ပညာရေးဒီမိုကရေစီလှုပ်ရှားမှု ဝန်းရံကော်မတီဝင် ဦးဇော်ရမ်းကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။