ကျောင်းသားသပိတ် ဝန်းရံသူနောက် တစ်ဦး ဆေးရုံတင်ရပြန်


2015.06.09
tharyarwaddy-prison-620.jpg သာယာဝတီထောင်ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်ကျောင်းသားတွေကို ဝန်းရံတဲ့အတွက် သာယာဝတီထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကိုခင်လှိုင်ဟာ ပြီးခဲ့တဲ့ မတ်လက လက်ပံတန်းမှာ သပိတ်ဖြိုခွဲသူ ရဲတပ်ဖွဲ့ဝင်တွေ ရိုက်နှက်ခဲ့တဲ့ဒဏ်တွေကြောင့် ထောင်ထဲမှာ သွေးအန်တဲ့အတွက် မနေ့က သာယာဝတီဆေးရုံကနေ ရန်ကုန် ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနကို လွှဲပြောင်းခဲ့ရပါတယ်။

ကိုခင်လှိုင်ရဲ့အခြေအနေနဲ့ ပတ်သက်လို့ ဆေးရုံကိုသွားပြီး အားပေးကူညီခဲ့တဲ့ အောက်ဗမာပြည်- ဗကသ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ကိုဗသက်အောင်က RFA ကို အခုလိုပြောပါတယ်။

"ထောင်ဘူးဝမှာ ရုံးထုတ်ဖို့ ထွက်လာတဲ့အခါမှာ သွေးအန်တယ်ပေါ့၊ ဒါကြောင့်မို့လို့ သာယာဝတီ အကျဉ်းထောင်ကနေပြီးတော့ ရန်ကုန်ဆေးရုံကြီးကို ၂ နာရီလောက်မှာ ရောက်သွားတဲ့အခါမှာ ရင်ဘတ်တွေအောင့်တယ် နံရိုးတွေအောက်တယ်ဆိုပြီးပြောတယ်၊ နောက်အသက်ရှုလည်း သိပ်မကောင်းဘူးပြောတယ်၊ ဆရာဝန်က ဓါတ်မှန်ရိုက်တယ်ပေါ့ဗျာ၊ ဆေးကုပေးရင်းနဲ့ အဲ့ဒါဆိုရင် သူ့ကို ဆေးရုံတင်ခွင့်ပေးပါတယ်ပေါ့နော်၊ ကျနော်တို့ ဆက်လက်ပြီးတော့ ရောဂါရှာဖွေရေးတွေ ဆက်လုပ်ရဦးမယ်လို့ပြောပါတယ်"

ကိုခင်လှိုင်ဟာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှာနေထိုင်တဲ့ လူငယ်တစ်ဦးဖြစ်ပြီး ဒီမိုကရေစီ ပညာရေးတောင်းဆိုတဲ့ ကျောင်းသားသပိတ်ကို ထောက်ခံဝန်းရံခဲ့သူလို့ သိရပါတယ်။ သူ့ကို တခြားကျောင်းသားတွေနည်းတူ ပုဒ်မ ၅ ခုနဲ့ တရားစွဲထားတာဖြစ်ပါတယ်။

လောလောဆယ်တော့ သူ့ကို ဆရာဝန်တွေက ရောဂါရှာဖွေရေး ဆက်လက်ဆောင်ရွက်ဦးမယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကိုခင်လှိုင်ကို ကူညီခဲ့တဲ့ အောက်ဗမာပြည်-ဗကသ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ကိုဗသက်အောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။