ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ၃လပြည့် ဆုတောင်းပွဲ ကျင်းပ

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီခရိုင် တရားရုံးမှာ မေလ ၁၂ ရက်နေ့က ရုံးထုတ်စဉ်
ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီခရိုင် တရားရုံးမှာ မေလ ၁၂ ရက်နေ့က ရုံးထုတ်စဉ် (Photo: Kyaw Zaw Win/RFA)

0:00 / 0:00

0:00 / 0:00

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှု ၃ လပြည့်အထိမ်းအမှတ် ဆုတောင်းပွဲကို ဒီကနေ့ ကျင်းပပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသူကျောင်းသားအားလုံးကို လွှတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။

မိတ္တီလာခရိုင် ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဌ ကိုပြည့်စုံက ၃လပြည့်အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ် ရဲ့ တောင်းဆိုချက်ကို အခုလို ပြောပါတယ်။

"စစ်မှန်တဲ့ အမျိုးသားပညာရေးဥပဒေတစ်ခု ပေါ်ပေါက်လာပြီးတော့ ဒီမိုကရေစီပညာရေးရတဲ့အထိ ကျနော်တို့ မိတ္တီလာခရိုင် ဗကသများအဖွဲ့ချုပ်က တစ်နိုင်ငံလုံးက ကျောင်းသာတွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်သွားမယ်ပေါ့ဗျာ၊ အခုလို လူ့ဂုဏ်သိက္ခာမဲ့တဲ့ အကြမ်းဖက်တဲ့လုပ်ရပ်တွေဟာ ဒီမိုကရေစီ မျက်နှာဖုံးစွပ်ထားတဲ့ စစ်အာဏာရှင်တွေ ရဲ့ စရိုက်လက္ခဏာတွေလို့ ကျနော်တို့ကသတ်မှတ်တယ်၊ အခုဖမ်းဆီးခံရတဲ့ ကျနော်တို့ ရဲဘော် ကျောင်း သားကျောင်းသူတွေနဲ့ ဝန်းရံပြည်သူလူထုတွေ ပြန်လည်လွှတ်မြောက်အောက် ကျနော်တို့က အဆုံးတိုင် တိုက်ပွဲဝင်သွားမယ်"

ဆုတောင်းပွဲကို မိတ္တီလာခရိုင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ မိတ္ထီလာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက အဖဲွဲ့ဝင်တွေ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရစဉ်က မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံတွေ၊ ပန်းချီ၊ ကာတွန်းတွေကို ပြသထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ကျောင်သားသပိတ်စစ်ကြောင်းကို ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့က လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းခဲ့ပြီး လက်ရှိမှာ ကျောင်း သား ကျောင်းသူတွေနဲ့ ဝန်းရံပြည်သူ ၇၀ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

အားလုံးကို လွှတ်ပေးဖို့အတွက် ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး လာမယ့် ဇွန်လ ၁၄ ရက်နေ့ မိတ္တီလာမြို့မှာ ဆန္ဒပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။

ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ၃လပြည့်အဖြစ် RFA အဖွဲ့သူ မခက်မာရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

တဆက်တည်း အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး နောက်ဆုံးအခြေအနေအကြောင်း RFA အဖွဲ့သူ မခင်ခင်အိရဲ့တင်ပြချက်ကိုလည်း နားဆင်နိုင်ပါတယ်။