အမျိုးသားပညာရေး ဥပဒေမူကြမ်းကို တကသ ကန့်ကွက်
2014.04.03

တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တ.က.သ) အဖွဲ့ဟာ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ကန့်ကွက်ကြောင်း လက်ကမ်းစာစောင်တွေကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ် နဲ့ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်တွေမှာ ဒီနေ့ လိုက်လံဝေငှခဲ့ပါတယ်။
အမျိုးသားပညာရေး ဥပဒေမူကြမ်းမှာပါတဲ့ အချက် အလက်တွေကို ကျောင်းသူ၊ ကျောင်းသားတွေအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သိစေလိုတဲ့အတွက် အသိပေး ပန်ကြားလွှာအနေနဲ့ လက်ကမ်းစာစောင်တွေ ဝေတာဖြစ် တယ်လို့ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကိုစည်သူမောင်က ပြောပါတယ်။
"ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ရယ်၊ နောက်ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ်ရယ်ပေ့ါဗျာ၊ အဲဒီမှာ ကျောင်းသားကျောင်းသူတွေကို လက်ကမ်းစာစောင်တွေ ဝေတာပေါ့နော်၊ အမျိုးသားပညာရေး ဥပဒေဟာ ကျနော်တို့နိုင်ငံရဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုကို အကောင်းဘက်ကို မဦးတည်ဘဲနဲ့ ဗဟိုကနေပြီးတော့ အမျိုးသားပညာရေးကောင်စီ ဆိုတဲ့အမည်နဲ့ ပြန်ပြီးတော့ချုပ်ကိုင်ဖို့ ကြိုးစားထားတဲ့ ဥပဒေကြမ်းတစ်ခု ဖြစ်တယ်ဆိုတာကို ကျနော်တို့ ကျောင်းသားကျောင်းသူတွေကြားမှာ သိဖို့လိုတယ်၊ နောက်ပိုင်းတော့ သက်ဆိုင်ရာတက္ကသိုလ်တိုင်းမှာ ဖွဲ့စည်းထားတဲ့ တက္ကသိုလ်သမဂ္ဂတွေ အားလုံးရဲ့ သတင်းထုတ်ပြန်မှုတွေနဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ်ဘဲနဲ့ စောင့်ကြည့်ပြီးတော့ ကျနော်တို့ ရဲဝင့်စွာနဲ့ ပူးပေါင်းပါဝင်ဖို့ အသိပေးကြေညာချက်တစ်ခုကို ဒီနေ့ဝေတာပါ"
ဒီနေ့ဝေငှတဲ့ လက်ကမ်းစာစောင်တွေကို ထားဝယ်နဲ့ မိတ္တီလာမြို့က တက္ကသိုလ်တွေကိုလည်း ဖြန့်ဝေထားတယ်လို့ သိရပါတယ်။
တက္ကသိုလ် ကျောင်းသားသမဂ္ဂများအနေနဲ့ အစိုးရကကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး ဆွေးနွေး ပွဲတွေမှာ ပါဝင်ဆွေးနွေးခဲ့ကြပေမဲ့ အစိုးရက လျစ်လျူရှုထားပြီး အစိုးရကိုယ်တိုင် ရေးဆွဲထားတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက်တာကြောင့် ကန့်ကွက်ရတာဖြစ်တယ်လို့ ပြောပါတယ်။
ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းဟာ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်ရေးကော်မတီနဲ့ အစိုးရပညာရေးဝန်ကြီးဌာနတို့ ရေးဆွဲခဲ့တဲ့ ဥပဒေကြမ်းနှစ်ခုကို ပူးပေါင်းထားတာဖြစ်ပါတယ်။
ဒီနေ့လှုပ်ရှားမှုမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်တို့က ကျောင်းသားတွေ စုပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။