လက်ပံတောင်းမှာ မဖြူနှင်းထွေး ဖမ်းဆီးခံရမှု ဗကသအဖွဲ့ချုပ် ရှုတ်ချ
2014.09.16

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသ က ပြည်သူတွေကို သွားရောက်ကူညီခဲ့တဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မန္တလေးခရိုင်က မဖြူနှင်းထွေးကို ပုဒ်မ ၃၆၄၊ ၃၆၈ ဆိုတဲ့ ပြန်ပေးဆွဲတဲ့ ပုဒ်မတွေနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲထားတဲ့အပေါ် ဗကသများအဖွဲ့ချုပ်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုက RFA ကို အခုလိုပြောပါတယ်။
"နည်းလမ်းပေါင်းစုံကို အသုံးပြုပြီးတော့ ကျနော်တို့ ဝန်းရံသွားဖို့ရှိတယ်ခင်ဗျ၊ အဓိကရည်ရွယ်ချက်က မဖြူနှင်းထွေး လွတ်မြောက်ရေးဖြစ်တယ်၊ လက်ရှိ ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုထောင်ချတာကို ကျနော်တို့ လက်မခံဘူး၊ ကန့်ကွက်ရှုတ်ချတယ်၊ ဒါကြောင့် ဒီဥပဒေပုဒ်မတွေနဲ့ တရားစွဲဆို ထောင်ချ တာမျိုးမဖြစ်ရအောင် ဒီဥပဒေပုဒ်မတွေ ပြုတ် သွားရေး ရယ် မဖြူနှင်းထွေး လွတ်သွားရေးရယ် ကျနော်တို့ ကြိုးစားဆောင်ရွက်မှာပါ"
မဖြူနှင်းထွေးကို ယင်းမာပင်ခရိုင်တရားရုံးမှာ မနေ့ကရုံးထုတ်ရမန်ယူပြီး လာမယ့် ၂၃ ရက်နေ့ကို ရုံးချိန်ပေးလိုက်ပြီး တဲ့နောက်၊ မုံရွာထောင်ကို ပို့လိုက်တယ်လို့ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဒုဥက္ကဌ ကိုမိုးထက်နေ က ပြောပါတယ်။
လက်ပံတောင်းတောင်ဒေသခံတွေကလည်း မဖြူနှင်းထွေးကိုလွှတ်ပေးဖို့ မနေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
လက်ပံတောင်းအရေးကူညီသူ ကိုအောင်စိုးကို သက်ဆိုင်ရာက ဖမ်းလိုက်တဲ့အတွက် လက်ပံတောင်းတောင်ဒေသ က ပြည်သူတွေကလည်း ပြီးခဲ့တဲ့မေလ ၁၈ ရက်နေ့မှာ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ဝန်ထမ်းနှစ်ဦးကို ခေတ္တထိန်းသိမ်း လိုက်ပါတယ်။ အဲဒီချိန်မှာ မဖြူနှင်းထွေးက အဲဒီဒေသမှာရှိနေတဲ့အတွက် ရွာသား ၆ ယောက်နဲ့အတူ အမှုဖွင့် တရားစွဲခံရတာဖြစ်ပါတယ်။
အဲဒီနောက် တရားရုံးချိန်းသွားခဲ့တဲ့ ရွာသား ၅ ယောက်ကို နှစ်နိုင်ငံချစ်ကြည်ရေးအတွက်ဆိုပြီး အမှုကနေ ပလပ်ပေးလိုက်ပေမဲ့ တရားရုံးမသွားခဲ့တဲ့ မဖြူနှင်းထွေးနဲ့ နောက်တစ်ဦးကို ဝရမ်းပြေးအဖြစ် ကြေညာခဲ့ပါတယ်။
လက်ပံတောင်းတောင် ပြည်သူတွေကိုကူညီလို့ ဖမ်းဆီးခံထားရတဲ့ မန္တလေးမြို့က အဝေးသင်တက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေးကိစ္စနဲ့ ပတ်သက်လို့ ဗကသများအဖွဲ့ချုပ်ဥက္ကဌ ကိုကျော်ကိုကို ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။