ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင် ကျောင်းသားလေးယောက် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ

နှစ်ရှည်ထောင်ဒဏ်များချမှတ်ခံရသည့် မသီရိရတနာ၊ ကိုအောင်မျိုးကို၊ ကိုကျော်ဇင်လတ်နှင့် ကိုကောင်းထက်ဦး။
နှစ်ရှည်ထောင်ဒဏ်များချမှတ်ခံရသည့် မသီရိရတနာ၊ ကိုအောင်မျိုးကို၊ ကိုကျော်ဇင်လတ်နှင့် ကိုကောင်းထက်ဦး။ (ABFSU)

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင်ကျောင်းသားလေးယောက် ဒီဇင်ဘာလ ၂၃ ရက်နေ့က နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံလိုက်ရပါတယ်။

မန္တလေး အိုးဘိုထောင်တွင်းတရားရုံးက ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်ကျောင်းသား သုံးယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မနှစ်ခုနဲ့ စုစုပေါင်း ထောင်ဒဏ် ၂၂ နှစ်စီ ချမှတ်လိုက်ပါတယ်။

ဗကသများအဖွဲ့ချုပ်ရဲ့ ဗဟိုအမှုဆောင်အဖွဲ့ဝင် မသီရိရတနာ၊ ကိုအောင်မျိုးကိုနဲ့ ကိုကျော်ဇင်လတ်တို့ သုံးယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) အတွက် ထောင် ၁၅ နှစ်၊ ပုဒ်မ ၅၂(က) အတွက် ထောင် ၇ နှစ် စုစုပေါင်း ၂၂ နှစ်စီ ချမှတ်လိုက်တာလို့ ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

သူတို့သုံးယောက်ဟာ အကျဉ်းကျနေသူတွေကို ထောင်ဝင်စာပေးပို့ကူညီနေသူတွေဖြစ်ပြီး မတ်လ ၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။

ဒီဇင်ဘာ ၂၃ ရက်နေ့မှာပဲ ဗကသများအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးဗျူရိုတာဝန်ခံ ကိုကောင်းထက်ဦးကိုလည်း စစ်ကောင်စီရဲ့ ဘားအံခရိုင် တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)နဲ့ ထောင် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။

ကိုကောင်းထက်ဦးဟာ ဒီနှစ် ဇူလိုင် ၁၈ ရက်နေ့က ဘားအံမြို့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။