လေပြင်းကြောင့် ဟင်္သာတခရိုင်မှာ အိမ်တွေ ပျက်စီး


2017.05.03
storm-destroy-hinthada-620.jpg ဟသာၤတခရိုင်အတွင်း မေလ ၁ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် နေအိမ်တစ်လုံးပျက်ဆီးသွားစဉ်
Photo: MOI Webportal Myanmar/ Facebook

ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ ညပိုင်းက ဟသာၤတခရိုင်အတွင်းက မြို့နယ်လေးခုမှာ လေပြင်းတိုက်ခတ်ခဲ့တဲ့ အတွက် နေအိမ် ၁၇၀ နီးပါး ပျက်စီးသွားပါတယ်။

ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် ဆန်နဲ့ အိမ်ဆောက်ပစ္စည်းလေးမျိုးကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ပေးတယ်လို့ ဟသာၤတမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုး က ပြောပါတယ်။

"လေပြင်းက ခဏပဲတိုက်သွားတာ ဟသာၤတခရိုင်ထဲမှာ ဟသာၤတရယ်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ဇလွန်မြို့တွေမှာ ပျက်စီးသွားခဲ့တာပေါ့၊ လူမှုကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ပေးတာပေါ့၊ ဆန်ရိက္ခာရယ်၊ အိမ်ဆောက်ပစ္စည်းရယ်ပေါ့"

လေပြင်းတိုက်တဲ့အတွက် ဟသာၤတခရိုင်အတွင်းက အင်္ဂပူမြို့နယ်မှာ နေအိမ် ၈၇ လုံး၊ ဇလွန်မြို့နယ်မှာ နေအိမ် ၆၄ လုံး၊ လေးမျက်နှာမြို့နယ်မှာ နေအိမ် ၁၄ လုံး၊ ဟသာၤတမြို့နယ်မှာ နေအိမ် ၂ လုံးနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်း ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

နေအိမ်ပျက်စီးခဲ့တဲ့ အိမ်ထောင်စုတွေဟာ နီးစပ်ရာ ဆွေမျိုးတွေရဲ့ နေအိမ်တွေမှာနေထိုင်နေကြပြီး အချို့ကတော့ ပျက်စီးသွားခဲ့တဲ့ နေအိမ်တွေမှာပဲ ဆက်လက် နေထိုင်နေတယ်လို့ ပြောပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ လုံးဝပျက်စီးသွားခဲ့တဲ့ သစ်အိမ်တစ်လုံးကို နှစ်သိန်းနှုန်း၊ ဝါးအိမ်တစ်လုံးကို တစ်သိန်းနှုန်း၊ ဘာသာရေးအဆောက်အဦး တစ်ခုကို ၃ သိန်းနှုန်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးနဲ့ နေအိမ်တွေကို တစ်သိန်းနှုန်းနဲ့ ဘာသာရေး အဆောက်အဦးတစ်ခုကို တစ်သိန်းနှုန်းစီ ထောက်ပံ့ပေးအပ်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။