စစ်ပွဲတွေ ရပ်တန့်ဖို့နဲ့ စစ်ဘေးသင့်ပြည်သူတွေကို ကန့်သတ်ချက်တွေမရှိဘဲ ကူညီထောက်ပံ့ခွင့်ရဖို့အတွက် ရန်ကုန်မြို့ တာမွေဂုံးကျော်တံတားအောက်ကနေ ဆူးလေ မြို့တော်ခန်းမရှေ့အထိ ချီတက်ဆန္ဒပြမယ့်သူတွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲပြီး ဆန္ဒပြသူ ၉ ဦးလောက်ကို ဖမ်းဆီးလိုက်ပါတယ်။
ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြတာကြောင့် တားမြစ်တာဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပြီးနောက် ဆန္ဒပြသူတွေထဲက ၉ ဦးလောက်ကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ သတင်းသမားတချို့ ပါနေတယ်ဆိုရင် ပြန်လွှတ်ပေးမယ်လို့ ရဲတပ်ဖွဲ့ကပြောကြောင်း အဲဒီနေရာမှာ သတင်းယူနေတဲ့ RFA သတင်းထောက်က ပြောပါတယ်။ သတင်းသမားတချို့ ဖမ်းဆီးခံရတဲ့အထဲ ပါသွားတယ်လို့ ပြောနေကြပေမယ့် အတိအကျတော့ မသိရသေးပါဘူး။
ဖမ်းဆီးခံရသူတွေထဲမှာ ကိုဇေယျာလွင်၊ ကိုမြတ်ကျော်၊ ကိုတင်ထွတ်ပိုင်၊ မခင်စန္ဒာ စတဲ့သူတွေ အပါအဝင် ၉ ဦး ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
စစ်ပွဲတွေ ရပ်တန့်ဖို့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရှေ့ဆက်သွားခွင့်မပေးတာကြောင့် လူဦးရေ ၁ဝဝ ကျော်ဟာ အဲဒီဂုံးကျော်တံတားအောက်မှာပဲ ကြွေးကြော်သံတွေနဲ့ ဆက်လက်ဆန္ဒပြနေရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဆန္ဒပြသူတွေနဲ့ သတင်းသမားတချို့ ရိုက်နှက်ခံခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင် အင်အား ၅ဝ ကျော်နဲ့ တားမြစ်ထားတာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုမှာ ပါဝင်သူတွေဟာ တာမွေဂုံးကျော်တံတားအောက်ကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ချီတက်ဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြသူတွေကို ချီတက်ခွင့်မပေးဘဲ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ အဲဒီဆန္ဒပြပွဲကို တန်ပြန်ကန့်ကွက်သူတွေက ပိတ်ဆို့ထားတာပါ။
ဒီနေ့ မနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့နယ် ဒီမောဆိုမြို့မှာ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမူ ဆန္ဒပြ လမ်းလျှောက်ပွဲ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့မေလ ၈ ရက်နေ့က မန္တလေးမြို့က ကျုံးမြို့ရိုးရှေ့မှာ ပြည်တွင်းစစ်တွေရပ်တန့်ဖို့အတွက် ဖယောင်းတိုင်း ထွန်းဆန္ဒပြခဲ့သူ နှစ်ဦးကို ပုဒ်မ ၁၉ နဲ့ ဒီနေ့ညနေမှာ ဖမ်းဆီးလိုက်ပါတယ်။
ဒီနေ့ညနေမှာ မန္တလေးက ဒိုင်းမွန်းပလာဇာရှေ့မှာ ပြည်တွင်းငြိမ်းချမ်းရေးအပေါ် လူထုအမြင်သဘောထား ကောက်ယူနေစဉ် ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ အမှတ် ၅ ရဲစခန်းက ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း စစ်ပွဲများရပ်စဲရေအတွက် ဆန္ဒပြခဲ့ကြတဲ့ ရန်ကုန်၊မန္တလေး၊ ပြည်နဲ့ မြင်းခြံမြို့တွေက တက်ကြွလှုပ်ရှားသူ ၁၉ ယောက်ခန့် ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရပါတယ်။