ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော်နေတဲ့ မြစ်ဆုံရေကာတာစီမံကိန်း အပါအဝင် ရေကာတာစီမံကိန်းတွေအားလုံး ရပ်တန့်ပေးဖို့နဲ့ လယ်ယာမြေသိမ်းဆည်းမှုတွေ ရပ်တန့်ပေးဖို့ အချက် ၉ ချက်ပါ တောင်းဆိုချက်တွေကို ဒေသခံတွေက ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။
ကချင်ပြည်နယ်မှာ အကောင်ထည်ဖော်နေတဲ့ မြစ်ဆုံစီမံကိန်းကြောင့် နေရပ်ပြောင်းရွှေ့ရသူ ဒေသခံတွေနဲ့ တနိုင်းမြို့နယ်မှာရှိတဲ့ ယုဇနကုမ္ပဏီက အကောင်ထည်ဖော်နေတဲ့ ပီလောပီနံ စက်ရုံ စီမံကိန်းကြောင့် နေရပ်ကိုစွန့်ခွာရသူ ဒေသခံတွေစုပေါင်းပြီး ရန်ကုန်မြို့ Excel Tower မှာ သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတွေက သူတို့ရဲ့တောင်းဆိုချက်တွေကို ပြောခဲ့တာပါ။
ကြေညာချက်ထုတ်ပြန်ရတာနဲ့ ပတ်သက်လို့ မြစ်ဆုံဒေသ တန်ဖဲရွာမှ ဒေါ်ဂျာခေါင်က RFA ကို အခုလိုပြောပါတယ်။
"ကျမတို့ဒေသခံတွေရဲ့ ခံစားချက်ပေါ့နော်၊ စားဝတ်နေရေးပြဿနာပေါ့၊ ဒေသခံ ၅ ရွာဆိုတော့ အားလုံးအိမ်ခြေက ၁ဝဝဝ ကျော်ရှိပါတယ်၊ မြစ်ဆုံစီမံကိန်းကြောင့်ရော နောက်ဟူးကောင်း ယုဇနစီမံကိန်းကြောင့်ရော တောင်းထားတာဖြစ်ပါတယ်"
ကချင်ပြည်နယ်အတွင်း စီမံကိန်းတွေကြောင့် ပြောင်းရွှေ့ရတဲ့ ဒေသခံပြည်သူတွေအတွက် တည်ဆောက်ပေးထားတဲ့ စံပြကျေးရွာတွေဟာ ပြောင်းရွှေ့ခံဒေသခံတွေအဖို့ အဆင်မပြေမှုတွေ မြောက်များစွာနဲ့ ကြုံတွေ့နေရတယ်လို့လည်း အဲဒီရှင်းလင်းပွဲမှာ ပြောပြခဲ့ပါတယ်။
ဒါ့ပြင် စီမံကိန်းတွေကြောင့် ပြောင်းရွှေ့ခံပြည်သူတွေရဲ့ဘဝဟာ အရင်ကထက် အဆင့်မြင့်လာတယ်လို့ ပြောဆိုနေကြပေမယ့် လက်တွေ့မှာ အိမ်ယာ အခက်အခဲ၊ သောက်ရေသုံးရေ အခက်အခဲ၊ ပညာရေးနဲ့ ကျန်းမာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အရင်က စိုက်ပျိုးရေးလုပ်ငန်းကို အဓိထားလုပ်ကိုင်ခဲ့ကြတဲ့ ဒေသခံတွေအနေနဲ့ လယ်ယာမြေတွေကို ဆုံးရှုံးခဲ့ရပြီး လက်ရှိမှာတော့ ဘဝလုံခြုံရေး အာမခံချက်မဲ့တဲ့ လုပ်ခနည်း နေ့စားအလုပ်သမားတွေအဖြစ် လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။