NCA မှာလက်မှတ်ထိုးဖို့ KIA ကို တောင်းဆို


2016.10.31
stop-war-kachin-protest-620.jpg NCA မှာ လက်မှတ်ရေးထိုးဖို့ မြစ်ကြီးနားမြို့မှာ အောက်တိုဘာ ၃၁ ရက်နေ့က ဒေသခံတွေ ဆန္ဒပြတောင်းဆိုကြစဉ်
Photo: Kyaw Myo Min/ RFA

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးပြီး နိုင်ငံတော်က ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ကြဖို့ KIA ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ ဒေသခံတိုင်းရင်းသား ၈ ထောင်ကျော် ဆန္ဒပြတောင်းဆိုကြပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးလိုက်မယ်ဆိုရင် ပြည်သူတွေလိုလားတဲ့ ငြိမ်းချမ်းရေးအတွက် အကျိုးရှိစေမှာဖြစ်တယ်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးစိုင်းထွန်းရင် က ပြောပါတယ်။

"တကယ်လို့ KIA က NCA လက်မှတ်ရေးထိုးလို့ရှိရင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ ဖြေရှင်းတဲ့နေရာမှာ လွယ်ကူမလား၊ လွယ်ကူမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေအတွက် အကျိုးခံစားခွင့်ရှိမယ်လို့ ထင်ပါတယ်"

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မှာ အချိန်မဆွဲဘဲ လက်မှတ်ရေးထိုးကြဖို့ တိုက်တွန်းထား ပါတယ်။

ဆန္ဒပြသူတွေဟာ မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာ အားကစားကွင်းကနေ ရပ်ကွက်တချို့ကို ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လှည့်လည်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ အဲဒီဆန္ဒပြပွဲကို ဒေသခံ ရှမ်းနဲ့ လီဆူ၊ လာချိတ် ၊ ရဝမ် စတဲ့ ကချင်တိုင်းရင်းသား မျိုးနွယ်စုတွေ ပါဝင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။