ရခိုင်မှာ တပ်မတော်စစ်ကြောရေးလုပ်စဉ် သေဆုံးမှုတွေကို စုံစမ်းဖို့ တင်ပြ
2019.06.22

ရခိုင်ပြည်နယ်မှာ သံသယနဲ့ဖမ်းဆီးခံရသူတွေကို တပ်မတော်က စစ်ကြောရေးလုပ်ဆောင်စဉ် သေဆုံးမှုတွေရှိနေတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ရခိုင်လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ မနေ့ကရက်စွဲနဲ့ စာပေးပို့လိုက်ပါတယ်။
စစ်ကြောရေးလုပ်ဆောင်စဉ် သေဆုံးတာနဲ့ပတ်သက်လို့ အစိုးရဘက်က စုံစမ်းစစ်ဆေးမှုတွေ မရှိတာကြောင့် အခုလို စာပေးပို့လိုက်တာလို့ စာပေးပိုရာမှာပါဝင်တဲ့ ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက RFA ကိုပြောပါတယ်။
မြောက်ဦးမြို့နယ် လက္ကာကျေးရွာက လူ ၂၇ ဦးကို ဧပြီလ ၁၀ ရက်နေ့မှာ တပ်မတော်က ဖမ်းဆီးပြီး စစ်ကြောရေးလုပ်ဆောင်စဉ် လူ သုံးဦးသေဆုံးခဲ့သလို မေလ ၂၂ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာက အသက် ၄၃ နှစ်အရွယ် ဦးမောင်ကျော်လှိုင်ကို တပ်မတော်က စစ်ကြောရေး ဆောင်ရွက်လို့ ရလာတဲ့ဒဏ်ရာတွေကြောင့် ဆေးရုံမှာပဲ သေဆုံးသွားခဲ့တယ်လို့ နိုင်ငံတော် သမ္မတ ထံပေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။
အဲဒီစာကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ တိုင်ကြားစာနဲ့ အသနားခံစာရေးရာ ကော်မတီကိုပါ ပေးပို့ထားတယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလအတွင်း တပ်မတော်က ထိန်းသိမ်းထားစဉ် သေဆုံးသွားခဲ့သူ ၁၂ ဦးအထိ ရှိနေပါတယ်။