နိုင်ငံပိုင်မြေတွေကိစ္စ လွှတ်တော်ကိုယ်စားလှယ်တွေ သုတေသနပြုမည်
2017.10.20
ပုဂ္ဂလိက လုပ်ငန်းရှင်တွေက ရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်းမရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက နိုင်ငံပိုင် အဆောက်အအုံနဲ့ မြေနေရာတွေ ဘယ်လောက်ရှိသလိုဆိုတာကို တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး သုသေတနပြုသွားမယ်လို့ မင်္ဂလာတောင်ညွန့် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။
အဲဒီကိစ္စကို စိတ်ဝင်စားတဲ့ ကိုယ်စားလှယ်အချို့က သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် သုတေသနပြုသွား မှာ ဖြစ်တယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး က ပြောပါတယ်။
"အရေအတွက်ကတော့ ကျနော်တို့မှာ မရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအဆောက်အအုံတွေက တကယ်တမ်းကျတော့ နေရာတွေကို ကျတော်တို့ တွေ့တယ်၊ ဘယ်သူတွေ လက်ထဲကို ရောက်နေတယ် ဘယ်သူကိုင်တွယ်ထားတယ်ဆိုတာလည်း ကျနော်တို့ သိရှိထားတာ မရှိဘူး၊ မရှိတော့ ကျနော်တို့က အခုနောက်ပိုင်းတော့ လွှတ်တော်ကိုယ်စားလှယ်တွေကော ဒီကိစ္စကို စိတ်ဝင်စားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက နယ်မြေအလိုက်မှာ ဘယ်နယ်မြေမှာ မြေကွက်တွေဘယ်လောက်ရှိတယ်၊ အဆောက်အအုံတွေ ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ကျနော်တို့ ဆက်လက်ပြီးတော့ Research လုပ်ပါမယ်"
ရရှိလာတဲ့ အချက်အလက်တွေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိတဲ့ နိုင်ငံပိုင် အဆောက်အအုံနှစ်ခု တွေ့ရှိထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။
ဦးလှဌေး တင်သွင်းတဲ့ ရန်ကုန်တိုင်းအတွင်းက အစိုးရပိုင် အဆောက်အအုံတွေ၊ မြေနေရာတွေကို နည်းအမျိုးမျိုးနဲ့ ရယူထားပြီး လုပ်ငန်းအကောင်အထည်မဖော်တဲ့၊ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီတဲ့ အဆောက်အအုံတွေ ကို ပြန်သိမ်းဖို့ တိုင်းအစိုးရကို တိုက်တွန်းတဲ့အဆိုကို မနေ့က တိုင်းလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၈ ယောက်က ထောက်ခံဆွေးနွေးခဲ့ပါတယ်။
အဲဒီအဆိုနဲ့ပတ်သက်ပြီး တိုင်းအစိုးရတာဝန်ရှိသူက လာမယ့်အောက်တိုဘာ ၁၆ ရက်နေ့မှာ ပြန်လည်ဆွေးနွေး မှာ ဖြစ်ပါတယ်။
ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ ရှေးဟောင်းလက်ရာမပျက်အောင် ပြင်ဆင်ထိန်းသိမ်းနေတဲ့ ဝန်ကြီးများရုံးနဲ့ ပတ်သက်တဲ့ အခြေအနေတွေကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး စောင့်ကြည့်နေကြတယ် လို့ ပြောပါတယ်။