မြန်မာစစ်ကောင်စီဟာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ လေးဦးကို သူတို့ရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ကျင့်သုံးခဲ့တဲ့အတွက် သေဒဏ်စီရင်လိုက်ခြင်းကို အမေရိကန်ပြည်ထောင်စုက အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဇူလိုင်လ ၂၅ ရက်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အခုလို လက်ခံနိုင်စရာမရှိတဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မြန်မာ စစ်ကောင်စီဟာ လူ့အခွင့်အရေး နဲ့ တရားဥပဒေ စိုးမိုးရေးကို လုံးဝ လျစ်လျူရှုနေတာကို ပြသနေပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ ကိုယ့်ပြည်သူအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် အရပ်သား ပြည်သူ ၂၁ဝဝ ကျော်လောက် သတ်ဖြတ်ခဲ့ပြီး၊ လူ ခုနစ်သိန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း၊ စာနယ်ဇင်းသမားတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အပါအဝင် အပြစ်မရှိတဲ့သူ ထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့တယ်လို့ ပြောထားပါတယ်။
စစ်ကောင်စီရဲ့ အတုအယောင် တရားစီရင်ရေးနဲ့ ဒီကွပ်မျက်မှုတွေဟာ ဒီမိုကရေစီ ဖော်ဆောင်ရေးလမ်းကြောင်းကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်ပြီး၊ ရဲရင့်တဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ဓာတ်ကို ဒီလုပ်ရပ်တွေက ချိုးနှိမ်နိုင်မှာမဟုတ်ဘူးလို့ ကြေညာချက်မှာ ပါရှိပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရရှိဖို့ ကြိုးပမ်းအားထုတ်မှုတွေမှာ ပူးပေါင်းသွားမှာ ဖြစ်ပြီး၊ အာဏာရှင်ရဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ တစ်ရက်တောင် မနေချင်ကြတဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ရည်မှန်းချက်ကို လေးစားလိုက်နာဖို့ စစ်ကောင်စီကို တိုက်တွန်းကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။
အလားတူပဲ အီးယူ ဥရောပသမဂ္ဂကလည်း မြန်မာစစ်အာဏာရှင်ဟာ NLD လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ 'ကိုဂျင်မီ' လို့ လူသိများတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုကျော်မင်းယုတို့ အပြင် ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ လေးဦးကို သေဒဏ်ပေးကွပ်မျက်ခဲ့ တာကို ပြင်းထန်စွာရှုတ်ချပြီး ကွပ်မျက်ခံရသူတွေရဲ့ ကျန်ရစ်သူ မိသားစုတွေ၊ သူငယ်ချင်းမိတ်ဆွေတွေအတွက် လွန်စွာဝမ်းနည်းကြောင်း ဇူလိုင်လ ၂၅ ရက်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ အခုလို နိုင်ငံရေးအကြောင်းပြချက်နဲ့ သေဒဏ်ပေးကွပ်မျက်မှုတွေဟာ တရားဥပဒေစိုးမိုးရေးကို အပြီးတိုင်ဖျက်သိမ်းပြီး လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဆီကို ဦးတည်နေတဲ့အပြင် မြန်မာနိုင်ငံမှာ ဆယ်စုနှစ်သုံးခုကျော်အတွင်း ပထမဆုံး သေဒဏ်ပေး ကွပ်မျက်လိုက်တဲ့အတွက် သေဒဏ်ပေးခြင်းကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေတဲ့ ကမ္ဘာလုံးဆိုင်ရာလုပ်ဆောင်ချက်တွေနဲ့လည်း ဆန့်ကျင်နေတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
သေဒဏ်ပေး ကွပ်မျက်ခြင်းလုပ်ရပ်တွေဟာ တပ်မတော်အာဏာပိုင်တွေက ကာကွယ်စောင့်ရှောက်ပေးရမယ့် ပြည်သူတွေရဲ့ အသက်နဲ့ ဂုဏ်သိက္ခာကို လေးစားမှုမရှိကြောင်း ပြသနေတဲ့အပြင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ သဘောထားကွဲလွဲမှု၊ အကြမ်းဖက်မှုနဲ့ ကြီးမားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ပိုမိုဆိုးရွားလာစေမှာ ဖြစ်တယ်လို့လည်း အီးယူက ပြောထားပါတယ်။
စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုအားလုံးကို အမြန်ဆုံး အဆုံးသတ်ဖို့၊ မတရားဖမ်းဆီး ထိန်းသိမ်းထားသူ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာဖို့အတွက်လည်း ဥရောပသမဂ္ဂက တိုက်တွန်းထားပြီး၊ ကုလသမဂ္ဂနဲ့ အာဆီယံတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံလျက် အဆုံးတိုင် ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
IRI နိုင်ငံတကာ ရီပါဘလီကင်အဖွဲ့ကလည်း အဲဒီလို အလွန်တရာစက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်မျိုးဟာ လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီအနာဂတ်ကို ဖော်ဆောင်ကြမယ့် မြန်မာပြည်သူတွေအတွက် စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ် ဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း၊ မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် ဆယ်စုနှစ်များစွာ အကြောက်တရားနဲ့ ခြိမ်းခြောက်အကြမ်းဖက်နေတာဟာ အာဏာကို လက်မလွှတ်ချင်လို့ ဖြစ်ကြောင်း၊ ဒါပေမဲ့ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီလမ်းကြောင်းဆီကို ပြန်လည်တက်လှမ်းဖို့ သန္နိဋ္ဌာန် ချမှတ်ထားခဲ့ကြပြီ ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။