မန်ပြိန်းရွာအနီးမှာ TNLA၊ SSPP ပူးပေါင်းအဖွဲ့နဲ့ RCSS တပ်တွေ တိုက်ပွဲဖြစ်
2018.11.17

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ-လားရှိုးလမ်းပေါ်က မန်ပြိန်းရွာ ၁၃ မိုင် ဂေါ်ရခါးရွာနဲ့ ပန်ဟုန်းရွာကြားမှာ တအာင်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပူးပေါင်းအဖွဲ့နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်းစီ RCSS တပ်တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။
တိုက်ပွဲကြောင့် ပန်ဟုန်းရွာ ၁၃ မိုင်ဂေါ်ရခါးရွာက ရွာသား ၁၂၀ လောက် အီနိုင်းဘုန်းကြီးကျောင်းမှာ ခိုလှုံနေရသလို မန်ပြိန်းရွာသား ရှစ်ဆယ်လောက်ဟာ မန်ပြိန်းအောက်ရွာ မူကြိုကျောင်းမှာ နေထိုင်နေကြရပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းလောက်ကစပြီး မန်ပြိန်းရွာအနောက်ဘက် တောင်ကုန်းကနေ တိုက်ပွဲပြန် လည်ဖြစ်ပွာတာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းအထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကိုကြားနေရကြောင်း မန်ပြိန်ရွာသူကြီးရဲ့ ကိုယ်စားလှယ် တူးမိုင်က RFA ကိုပြောပါတယ်။
တိုက်ပွဲကြောင့် ကျေးရွာသားတွေ လုပ်ငန်းခွင်သွားဖို့ အခက်ခဲရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကဖြစ်ပွားတဲ့ တိုက်တွေအတွင်း ရွာသားတစ်ဦးလည်း သေဆုံးခဲ့တာကြောင့် ရွာသားတွေ အပြင်မထွက်ရဲကြဘူးလို့လည်း ပြောပါတယ်။
တိုက်ပွဲတွေ ဆက်ပြင်းထန်လာရင်တော့ ရွာသားတွေဟာ အီနိုင်းကျေးရွာ ခရစ်ယာန်ကျောင်းကို ထွက်ပြေးလာနိုင် တယ်လို့လည်း ပြောကြပါတယ်။
လတ်တလော မန်ပြိန်းရွာမူကြိုကျောင်းမှာ နေထိုင်သူတွေအတွက် စားစရာတွေ လိုအပ်နေကြောင်း ကိုတူးမိုင်က ပြောပါတယ်။
မန်ပြိန်းရွာတဝိုက် အောက်တိုဘာလ ၂၆ ရက်ကစတင်တဲ့ RCSS နဲ့ SSPP/TNLA ပူးပေါင်းအဖွဲ့ တိုက်ပွဲတွေကြောင့် ဒေသခံကျေးရွာသားတစ်ဦး သေဆုံးခဲ့သလို စစ်ရှောင်မွေးကင်းစ ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် ဒေသခံ တစ်ထောင်ကျော်လည်း လားရှိုးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နယ်မြေအေးချမ်းပြီဆိုပြီး နေရပ်ပြန်လာတာ တစ်ပတ်ကျော်လောက်ပဲရှိသေးတဲ့ အချိန်ကာလအတွင်း တိုက်ပွဲတွေ ပြန်ဖြစ်လာတာလည်း ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့ထားတာဖြစ်ပါတယ်။