မိုင်းကိုင်မြို့က SSPP တပ်သား ရှစ်ဦးကို RCSS ဝင်ရောက်ဖမ်းဆီး

RCSS တပ်ဖွဲ့ဝင် အင်အား တစ်ရာကျော်က စစ်ကြောင်း သုံးကြောင်းခွဲပြီး ဝင်ရောက်တိုက်ခိုက်တာလို့ ဆိုပါတယ်။

မိုင်းကိုင်မြို့နယ်တွင် လက်နက်ကြီးထိမှန်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား SSPPတပ်ဖွဲ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ထားစဉ်။ SSPP info

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်း နှစ်ခုကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) က ဝင်ရောက် မီးရှို့ဖျက်ဆီးပြီး တပ်သား ရှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ SSPP က နိုဝင်ဘာ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ 

နိုဝင်ဘာ ၂၅ရက် မနက် ၅ နာရီခွဲ အချိန်လောက်က မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ပန်ပွဲကျေးရွာအနီးက SSPP တပ်စခန်းငယ် နှစ်ခုကို RCSS ဝင်ရောက်ခဲ့ပြီး SSPP တပ်သား လေးဦးကို ဖမ်းဆီးသွားပြီး စခန်းသုံး ဆိုင်ကယ်လေးစီး၊ ကားတစ်စီး အပါအဝင် စခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RCSS တပ်ဖွဲ့ဝင် အင်အား တစ်ရာကျော်က စစ်ကြောင်း သုံးကြောင်းခွဲပြီး ဝင်ရောက်တိုက်ခိုက်တာလို့ ဆိုပါတယ်။

အဲဒီနောက် ပန်ပွဲကျေးရွာထဲ ဝင်ရောက်ပြီး ရွာကော်မတီဝင်တစ်ဦးနေအိမ်ကို ပစ်ခတ်တိုက်ခိုက်ပြီး အိမ်ရှင်ကို သတ်ဖြတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဒေသခံ တစ်ဦးနဲ့ SSPP တပ်ဖွဲ့ဝင် နောက်ထပ် လေးဦးကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိကာလမှာ ရှမ်းလက်နက်ကိုင်တပ်နှစ်ဖွဲ့အပစ်ရပ်ပြီး ပေါင်းစည်းဖို့အတွက် နှစ်ဖက်တပ် နဲ့ တွေ့ဆုံညှိနှိုင်းနေတဲ့ ကာလမှာ RCSS က အခုလိုဝင်ရောက်တိုက်ခိုက်တာ ဖြစ်တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး RCSS ဘက်က တုံ့ပြန်ချက်ရဖို့ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org