ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ဦးတည်ကြောင်း SSPP ထုတ်ပြန်

2022.02.26
ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ဦးတည်ကြောင်း SSPP ထုတ်ပြန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ဝင်တွေကို ၂၀၂၀ သြဂုတ် ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ဒီမိုကရေစီလိုလားတဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင် ရွက်သွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ၂၀၂၁ ခုနှစ် တိုးချဲ့ကော်မတီ မျက်နှာစုံညီ အစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၆ ရက် ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၉ ရက်ကနေ ဖေဖော်ဝါရီ ၂၅ ရက်အထိ SSPP ဌာနချုပ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ထဲက လုပ်ဆောင်ခဲ့တာတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုကိုပဲ ဦးတည်ထားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောပါတယ်။

"အားလုံးမပါသေးသ၍ နိုင်ငံရေးဖြေရှင်းမှုက မပြေလည်နိုင်ဘူးလေ။ အဲဒါကြောင့်မို့ ကျွန်တော်တို့က အစဉ်တစိုက်တောင်းဆိုလာခဲ့တာက ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်။ ပြီးတော့ အားလုံးပါဝင်ရေး ဆွေးနွေးမယ်ဆိုတာ မူသဘောထား မူလအတိုင်း ပဲ ရှိပါတယ်၊ ပြောင်းလဲမှု မရှိဘူးခင်ဗျ။ ဒီမိုကရေစီ လိုလားသော ဘယ်အင်အားစု၊ ဘယ်ပုဂ္ဂိုလ်မဆိုနဲ့ ကျွန်တော်တို့ ဆွေးနွေးဖို့ အသင့်ရှိပါတယ်"

တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ပြီး လက်ရှိ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ ဆွေးနွေးခဲ့သလို ဖက်ဒရယ်ဒီမိုကရေစီကို ဘုံရည်မှန်းချက်အဖြစ် သံဓိဌာန်ချထားဖို့လိုမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီမျက်နှာစုံညီ အစည်းအဝေးမှာ ဖက်ဒရယ်ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေ အနေနဲ့ စည်းလုံးတဲ့ အခြေအနေဖြစ်အောင် တည်ဆောက်ဖို့ကိုလည်း ဆိုထားပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ဖေဖော်ဝါရီလဆန်းပိုင်းက ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူရွာအနီး တိုက်ပွဲကြောင့် ဒေသခံနှစ်ထောင်ကျော်ဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။