ပင်လုံထက် ကျယ်ပြန့်တဲ့ ညီလာခံ ခေါ်မယ်လို့ အစိုးရကိုယ်စားလှယ်ပြော

တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အားလုံးနဲ့ အပစ်အခတ် ရပ်စဲပြီးသွားတာနဲ့ ပင်လုံညီလာခံထက် ပိုမိုကျယ်ပြန့်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားညီလာခံတခုကို ခေါ်ယူမှာဖြစ်တယ်လို့ မြန်မာအစိုးရက ကတိပေးခဲ့ကြောင်း SSA (တောင်ပိုင်း) တပ်ဖွဲ့က RFA ကို ပြောပါတယ်။

2011.12.10
rcss-bur-meeting-305 ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာအစိုးရရဲ့ အပစ်ခတ်ရပ်စဲရေး ကိုယ်စားလှယ် အဖွဲ့နဲ့ RCSS SSA ရှမ်းပြည် တပ်မတော် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွတ်စစ် နဲ့ အဖွဲ့တို့ ၂၀၁၁ နိုဝင်ဘာလ အတွင်း အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးနေစဉ်။ ဒီရက်ပိုင်းအတွင်းမှာ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ KNU, KNPP, CNF တို့နဲ့လည်း မြန်မာအစိုးရရဲ့ အပစ်ခတ်ရပ်စဲရေး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခဲ့ပါတယ်။ (Photo courtesy of Tai Freedom)
Tai Freedom

SSA (တောင်ပိုင်း) တပ်ဖွဲ့အဖြစ် လူသိများတဲ့ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနဲ့ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ ဒီဇင်ဘာလ ၂ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံစဉ်မှာ အစိုးရ ကိုယ်စားလှယ်အဖွဲ့က ပြောဆိုလိုက်တာ ဖြစ်တယ်လို့ SSA (တောင်ပိုင်း) ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလောင်စိုင်းက ပြောပါတယ်။

“နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်သွားဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ဒါပေမယ့် အစိုးရဘက်က ဒီနိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေကို ပင်လုံထက် ကောင်းတဲ့ အမျိုးသားညီလာခံကြီး တရပ်ကို ကျင်းပပေးမယ်လို့ ကျနော်တို့ကို ပြောသွားပါတယ်။ ဆိုတော့ အဲဒီ ညီလာခံကျင်းပဖို့အတွက် အားလုံးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အားလုံးသော အတိုက်အခံ အဖွဲ့အစည်းတွေ အစိုးရနဲ့ ပြေလည်ဖို့အတွက် လက်နက်ကိုင် အဖွဲ့အစည်း ဆိုရင်လည်း အရင်ဆုံး အပစ်အခတ်ရေးတွေ လုပ်ဆောင်ဖို့လိုတာကြောင့် သူတို့ကို စောင့်နေရပါအုံးမယ်လို့ ပြောသွားပါတယ်”

တောင်ကြီးမြို့မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးစဉ်မှာ အပစ်အခတ်ရပ်စဲရေး ဆက်သွယ်ရေးရုံး ထားရှိရေး၊ လက်နက်မကိုင်ဘဲ လွတ်လပ်စွာ သွားလာနိုင်ရေး၊ နိုင်ငံရေးကိစ္စတွေကို ပြည်ထောင်စုအဆင့်မှာသာ ဆွေးနွေးရေး စတာတွေကို အစိုးရဘက်က တင်ပြခဲ့ပြီး SSA (တောင်ပိုင်း) ဘက်ကတော့ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ပြဿနာတွေကို လွတ်လပ်စွာ ဖြေရှင်းရေး၊ SSA(တောင်ပိုင်း) ဗဟိုဌာနချုပ် နေရာ သတ်မှတ်ပေးရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ တင်ပြခဲ့ပါတယ်။ နှစ်ဘက်စလုံးက အဲဒီ တင်ပြချက်အားလုံးကို သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

SSA (တောင်ပိုင်း) က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ တကယ်လို့ အစိုးရက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကနေ သွေဖည်ပြီး လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ ပိတ်ပင်တားဆီးတာတွေ ဆက်လုပ်နေမယ် ဆိုရင် SSA (တောင်ပိုင်း) အနေနဲ့ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး SSA (တောင်ပိုင်း) ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလောင်စိုင်းကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။